ကင်ညာနိုင်ငံ၌ ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျ လူ ၃၀ ထက်မနည်း သေဆုံး

နိုင်ရိုဘီ ဇူလိုင် ၂၅

 

ကင်ညာနိုင်ငံ၌ ဇူလိုင် ၂၄ ရက်တွင် ဘတ်စ်ကားတစ်စီး မဲရူ-နိုင်ရိုဘီ အဝေးပြေးလမ်းမ တစ်လျှောက်ရှိ မြစ်ထဲသို့ ထိုးကျမှုဖြစ်ပွားရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ကယ်ဆယ်ရေးအသင်းနှင့် ကင်ညာကြက်ခြေနီ အသင်းအဖွဲ့တို့ကို ကိုးကား၍ ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

 

မဲရူမြို့မှ ကမ်းရိုးတန်းမြို့ မွမ်ဘာဆာသို့ ဦးတည်သွားသော အဆိုပါ ဘတ်စ်ကားသည် တံတားပေါ်မှ နိသီမြစ်ထဲသို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း ပြည်တွင်းမီဒီယာနေးရှင်းတွင် ဖော်ပြထားသည်။ ပြင်းထန်သော အခြေအနေတွင်ရှိပြီး စိုးရိမ်ရသော ခရီးသည် ၂၀ ကျော်ကို ဆေးရုံသို့ တင်ပို့ထားကြောင်း၊ ပျောက်ဆုံးသူများလည်း ရှိနေသေးကြောင်း သိရသည်။ ဒေသကယ်ဆယ်ရေး အသင်းမန်နေဂျာဖြစ်သူ အဲလက်စ်မူဂမ်ဘီက သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နိုင်ကြောင်း ပြောသည်။

 

အဆိုပါ ယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးချက်များအရ ဘရိတ်ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း၊ အဆိုပါနေရာသည် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ကင်ညာနိုင်ငံ၌ အဆိုပါ ယာဉ်မတော်တဆမှုသည် လူသေဆုံးမှုများသော မတော်တဆမှုများထဲမှ တစ်ခုဖြစ်ပြီး ဇူလိုင် ၈ ရက်ကလည်း နိုင်ရိုဘီ- မွမ်ဘာဆာ အဝေးပြေးလမ်းမတစ်လျှောက်တွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ