ကင်ညာနိုင်ငံ၌ ဘတ်စ်ကားတစ်စီး မြစ်ထဲထိုးကျသဖြင့် လူ ၂၄ ဦး သေဆုံး

ဇူလိုင် ၂၅

 

ကင်ညာနိုင်ငံတွင် ယမန်နေ့ညနေပိုင်းက ဘတ်စ်ကားတစ်စီးသည် အဝေးပြေးလမ်းပေါ်မှ မြစ်အတွင်းသို့ထိုးကျခဲ့ပြီးနောက် လူ ၂၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကင်ညာကြက်ခြေနီအသင်းနှင့် ကယ်ဆယ်ရေး အသင်း၏ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

မီရူမှနာရိုဘီမြို့တော်သို့သွားရာလမ်းကြောင်းပေါ်တွင်ရှိသော ထိုဘတ်စ်ကားသည် တံတားအောက်ဘက် အကွာအဝေးမီတာ ၄၀ ခန့်ရှိ နီသီမြစ်ထဲသို့ထိုးကျသွားခဲ့သည်ဟု သိရသည်။

 

ထိုဖြစ်ရပ်ကြောင့် ခရီးသည်ဦးရေ ၂၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အခြားသူများမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးသမားများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသခံရေဒီယို အသံလွှင့်ဌာနမြို့တော်သတင်းက ပြောကြားသည်။

 

ကနဦးစုံစမ်းစစ်ဆေးချက်အရ ယင်းမတော်တဆဖြစ်မှုသည် ဘရိတ်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်သည်ဟု သိရသည်။

 

ထိုနေရာတွင် မတော်တဆမှုများ အများအပြားဖြစ်ပွားသဖြင့် ၎င်းတံတားကို ဘလက်စပေါ့ဟု သတ်မှတ်ထားကြောင်း မြို့တော်သတင်းကဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို