ကင်ညာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် သေဆုံးသူ ၂၃၈ ဦးရှိလာ

မေ ၈

ကင်ညာနိုင်ငံတွင် မတ်လနောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားနေသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ သေဆုံးသူ ၂၃၈ ဦး ရှိလာပြီး အခြား ၇၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရအဖွဲ့က ယမန်နေ့ကပြောကြားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ရေကြီးမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Mwauraက ပြောကြားသည်။ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ဖြစ်ပွားသဖြင့် လူပေါင်း ၂၈၆၀၁၁ ဦး ရေဘေးသင့်ခဲ့ပြီး ၄၇၀၀၀ မှာအိုးအိမ်စွန့်ခွာခဲ့ရသည်။ နိုင်ငံအတွင်းရှိအချို့ဒေသများတွင် တံတားများနှင့်လမ်းများ မျောပါသွားခဲ့ရာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားခဲ့ပြီး ထောင်နှင့်ချီသောဒေသခံများ သောင်တင်နေခဲ့ကြောင်းနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်မှုကိုရွှေ့ဆိုင်းထားကြောင်း သိရသည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီအဖွဲ့များစွာကို ဖြန့်ကြက်ချထားကြောင်းနှင့် ရေဘေးသင့်သူများအား စားနပ်ရိက္ခာကူညီထောက်ပံ့မှုများဖြန့်ဝေပေးထားကြောင်း Mwauraက ထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို