ကင်းသာ (၁) ၊ (၂) ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်‌ထောင်တို့ကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့  ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၈

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်နှင့် ဦးကျော်မြင့်တို့ အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင်  ကင်းသာ (၁)၊ (၂) ကုန်ထုတ် စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့ကို  ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့တွင် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ များ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိ သည့်အဆောင်၊ အတွင်း/အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ကုန်ထုတ်စခန်းများနှင့် နေပြည်တော်အချုပ်ထောင်တို့ကို ကော်မရှင်က ဗဟုသုတ ရဖွယ်ရာစာအုပ်စာပေ အုပ်(၄၀၀)တို့ကို လှူဒါန်းခဲ့သည်။

 

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့်အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက် ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)