ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ကွန်ဟိန်း  ၁၂ ဖေဖော်ဝါရီ

(၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၊ တောင်ဘက်မုခ် ရင်ပြင်တော်ခြေရင်း၌  ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီတွင် ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ နမ့်ပန်ခန်းမ၌ (၇၇)နှစ်မြောက်  ပြည် ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက်  (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  အလယ်တန်း၊ အထက်တန်း စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊  မြို့မိ/မြို့ဖများ၊   ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)