ကွန်ဟိန်းမြို့နယ်၊ နားလီလိုင်ကျေးရွာ၌ ကျေးလက်ရေးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ကွန်ဟိန်း ဩဂုတ် ၂၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟိုပန်ကျေးရွာအုပ်စု၊ နားလီလိုင်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၉၀ ရာခိုင်နူန်း ဆောင်ရွက်ပြီးစီး၍ ပြီးစီးမှုအခြေအနေများကို ဩဂုတ် ၂၆ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်‌ဆေးခဲ့ကြသည်။

 

မြို့နယ်ဦးစီးမှူး ဦး‌အောင်ကျော်ဟိန်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများသည်  နားလီလိုင်ကျေးရွာတွင် အရှည် ၁ မိုင်ရှိ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

 

အဆိုပါစိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၃၃၄ သန်းကို အသုံးပြုကာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် တင်ဒါအောင်မြင်သည့် ရွှေဆက်ကျော် ကုမ္ပဏီက ဇူလိုင်လ တတိယအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးနေပြီး လုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပြီပါက အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၅၉)အိမ်၊ လူဦးရေ (၂၇၀)ဦးတို့အတွက် နွေရာသီ ရေရှားပါးသည့်ပြဿနာများ ပြေလည်ကာ သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေးဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

 

ချိုသန်းညွန့်(ကျေးလက်)