ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင်တွင် အားကစားပွဲများ ကျင်းပနိုင်ရေး ကွင်းဖောက်ပွဲပြုလုပ်

ကြံခင်း   ဖေဖော်ဝါရီ    ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု ကမ်းခြေသဲသောင်ပြင်တွင် ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက အားကစားပွဲများ ကျင်းပနိုင်ရန် ကွင်းဖောက်ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ခင်မိုးဝါက သဲသောင်ပြင် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရန် ကွင်းဖောက်ခြင်း စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေနဲ့အညီ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သောကြာဒူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းက အားကစားပစ္စည်းများ ပေးအပ်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးဝါက လက်ခံရယူပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် သောကြာဒူးအသင်းနှင့် ထန်းတပင်အသင်းတို့က ကွင်းဖောက်ဖွင့်လှစ် ကစားခဲ့ကြသည်။

အဆိုပါ ကမ်းခြေသဲသောင်ပြင် ကွင်းဖောက်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တတ်ရောက်ခဲ့ကြသည်။

မိုးမိုး(ပြန်/ဆက်)