ကြံခင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာ ၂၀  ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ကြံခင်း ဇန်နဝါရီ  ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကြံခင်းမြို့နယ်အတွင်း ကျေးရွာ(၂၀)၌ ကျေးရွာ၏ ပကတိလိုအပ်ချက်များဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကြံခင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သန်း ၂၀၀၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း ၁၀၂ ဒသမ ၆၄၂၇ ဖြင့် ကျေးရွာ (၂၀)တွင် မီးလင်း‌ရေး လုပ်ငန်း(၉)ခု၊ ရေရရှိရေးလုပ်ငန်း(၂)ခု၊ ချောင်းကျောက်လမ်းခင်းခြင်းလုပ်ငန်း(၅)ခု၊ ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း(၂)ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၂)ခု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစုစုပေါင်း(၂၀) အား အောက်တိုဘာလ ပထမပတ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းအားလုံး ရာခိုင်နှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)က ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျေးရွာတွေကို ဆောင်ရွက်ပေးတယ်။ ကျေးရွာမှာ လိုအပ်တဲ့ လုပ်ငန်းတွေကို နိုင်ငံတော်က ခွင့်ပြုတဲ့ငွေနဲ့ ပြည်သူလူထုရဲ့ ထည့်ဝင်ပါဝင်မှုနဲ့ ဦးစားပေးလုပ်ငန်းအလိုက် လုပ်ငန်းစီမံချက်ရေးဆွဲပြီးတော့ ကျေးရွာ၏ ပကတိလိုအပ်သော ဖွံ့ဖြိုးရေးအစီအစဉ်များကို ပြည်သူ ကိုယ်တိုင်ဖော်ထုတ်၍ ဦးစားပေးလုပ်ငန်းအလိုက် စီမံချက်ရေးဆွဲပြီး ၎င်းတို့ကိုယ်တိုင် မိမိတို့၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှုနှင့်ကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါတယ်။  ဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်၍ ဒေသခံကျေးရွာလူထု၏ စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆင်းရဲမှုလျော့ချရေးတို့ကို ပံ့ပိုးအားဖြည့်ရန်ရည်ရွယ်ကာ ဆောင်ရွက်ပေးတာဖြစ်ပါတယ်”ဟု ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက ပြောပြ၍သိရသည်။

 

စိုးမိုးကျော်