ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများအတွက် ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများ တပ်ဆင်ထားရှိပေး

ကန်ကြီးထောင့်  ၃၀  ဇူလိုင်  


ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ ကိုယ်လက်လှုပ်ရှားမှုဖြင့် ကျန်းမာရေး အထောက်အကူ ပြုစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၌ Outdoor Fitness အားကစားပစ္စည်း (၁၉)စုံအား တပ်ဆင်ထားရှိပြီး ကိုယ်လက်လှုပ်ရှား ကျန်းမာရေးအတွက် မည်သူမဆို လွတ်လပ်စွာ လေ့ကျင့်နိုင်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သည့် View Pointများ၊ အခြေခံပညာကျောင်းများနှင့်ကျေးရွာများတွင် တပ်ဆင်ထား ရှိပြီးဖြစ်ကာ ကျောင်းသား ကျောင်းသူများနှင့်ပြည်သူများ တစ်ကိုယ်ရည်ကျန်းမာရေးများ အတွက်ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရာတွင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကျန်းမာရေးအထောက်အကူပြုအားကစားပစ္စည်းများဖြစ်သည့် လမ်းလျှောက်ခြင်း၊ ခါးလှည့်ခြင်း၊ လက်လှည့်ခြင်းနှင့် ကြွက်သားလေ့ကျင့်ခန်းများပြုလုပ်နိုင်သော ယင်းအားကစားပစ္စည်းများ တပ်ဆင်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှကြိုင်မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နန်းထိုက် (KGD)