ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

mdn

ကန်ကြီးထောင့် ဇန်နဝါရီ ၃၀    

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဆိပ်သာလေးကျေးရွာနှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆိပ်သာကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ကျုံလမုချောင်းဖြတ် သစ်သားတံတားဟောင်းအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပညာရေးကိစ္စရပ်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး စာသင်ကျောင်းအတွက် ကျောင်းသုံးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းထားမှု အခြေအနေအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)