ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်က မကျီးအင်းကျေးရွာ၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးစီးဌာနဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ဆီထွက်သီးနှံအဖြစ် နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ မုံညှင်းစေ့ သီးနှံများ စိုက်ပျိုးကြကြောင်း၊ စီမံကိန်းသီးနှံဖြစ်သည့် နေကြာကို လယ်သီးထပ်လည်း စိုက်ပျိုးကြကြောင်း၊ တစ်ဧက အထွက်နှုန်း ကောင်းမွန်ရန် ပိုးမွှားကျရောက်မှု ကင်းရှင်းရန်လိုကြောင်း၊ သဘာဝပိုးသတ်ဆေး ပြုလုပ်ပုံအဆင့်ဆင့် ပြသသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်းဖြစ်သည့် တမာရွက်၊ စပါးလင်၊ ဂျင်း တို့ဖြင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဆောင်းမြေပဲစိုက်ခင်းများ ပိုးမွှားကင်းထောက်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ စိုက်ပျိုးရန် ဧက ၂၆၆၉၀ လျာထားပြီး လက်ရှိအချိန်အထိ ၃၄၄၉၁ ဧက (၁၂၉ ဒသမ ၂၃) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးဝင်းညို ကျွန်းလှ