ကျွန်းလှမြို့နယ်၌ မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက်နှင့် မျိုးသန့်ပွား စံပြကွက် လျာထားဧက ၆၀ စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန် နှင့် မျိုးကောင်းမျိုးသန့်များရရှိစေရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ်စံပြကွက်နှင့် မျိုးသန့်ပွားစံပြကွက် လျာထားဧက ၆၀ စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

 “ဒီနှစ် ဆောင်းနေကြာစိုက်ပျိုးမယ့် တောင်သူတွေကို မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးနိုင်ဖို့ မိုးနေကြာ မျိုးစေ့ထုတ်စံပြကွက် ၁၀ ဧကနှင့် မျိုးသန့်ပွားစံပြကွက် ဧက ၅၀ စိုက်ပျိုးရန် လျာထားခဲ့ပါတယ်။ အခု ရာနှုန်းပြည့် စိုက်ပျိုးပြီး အောင်မြင်နေပါတယ် ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

 “ မိုးနေကြာကို ဒီနှစ်မှ စတင်ပြီး စိုက်ပျိုးတာပါ။ အရင်နှစ်တွေက ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲနဲ့ နှမ်းသီးနှံပဲ စိုက်ခဲ့ပါတယ်။ နေကြာစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး တောင်သူတွေ အကျိုးရှိတဲ့အတွက် တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားပါတယ် ဟု နေကြာစိုက်တောင်သူတစ်ဦးက ပြော သည်။

 

အဆိုပါ မိုးနေကြာစံပြကွက် စိုက်ပျိုးကြသည့် တောင်သူများအား ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနက နေကြာမျိုးစေ့များထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ယခင်နှစ်က ဆောင်းနေကြာ ဧက ၁၆၀၀ စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ် ၁၇၇၉ ဧက စိုက်ပျိုးရန်လျားထားကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် ဆင်းရွှေကြာ-၂၊ ရေဆင်း-၁နှင့် ဒေသမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)