ကျန်းမာရေး အသိပညာပေး မိုဘိုင်း အက်ပလီကေးရှင်း မိတ်ဆက်ပွဲ ကျင်းပ

မုံရွာ ၂၄ ဇန်နဝါရီ 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ထုအတွင်း လိုအပ်လျက် ရှိသော သတင်း အချက်အလက်များ မှန်ကန်စွာ ရရှိစေရန် တိုင်းဒေသကြီးအဆင့် '' Love Question- Life Answer '' (အချစ်ပုစ္ဆာ ဘဝအဖြေရှာ) Mobile Application မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

လူငယ်များတွင် ဖြစ်တတ်သည့် လိင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ယာဉ်ကျေးမှု ဓလေ့ထုံးစံအရ မိသားစုအတွင်း၊ ဆရာနှင့် တပည့်အကြား၊ ကျန်းမာရေး ဝန်ထမ်းများနှင့်ပါ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးရန် ခက်ခဲနေဆဲ ဖြစ်ပါကြောင်း၊ လူငယ်အချင်းချင်း ပြောဆိုတိုင်ပင်လေ့ ရှိသော်လည်း တိကျ မှန်ကန်တဲ့ အချက်အလက် တွေရရှိဖို့ခက်ခဲပါကြောင်း၊ ဒီအခက်အခဲတွေကို ကျော်လွှားပြီး လူငယ်ထုလက်ထဲကို သတင်း အချက်အလက်တွေ ရရှိဖို့ ခက်ခဲပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အသိမြှင့်တင်ရန် ပထမဆုံး လိုအပ်ချက်ဖြစ်သော မှန်ကန်သော ကျန်းမာရေး သတင်း အချက်အလက်များ ရရှိစေရန် အဆိုပါ မိုဘိုင်း အက်ပလီကေးရှင်းကို မိတ်ဆက်ရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။ 

''Love Question- Life Answer '' (အချစ်ပုစ္ဆာ ဘဝအဖြေရှာ) Mobile Application တွင် ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကျားမတန်းတူညီမျှမှု၊ သန္ဓေတားနည်းလမ်းများ၊ ချစ်ခြင်းမေတ္တာ၊ အရက်နှင့်မူးယစ် ဆေးဝါး၊ HIV နှင့် လိင်မှတဆင့် ကူးစက်သော ရောဂါများ၊ လိင်မှုဆိုင်ရာနှင့် သင့်ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ စသည့် ကဏ္ဍ (၈)ရပ်ပါဝင်ပြီး သိရှိ လေ့လာသူများ အနေဖြင့် အဆိုပါ Mobile Application အတွင်း ဝင်ရောက် လေ့လာ မေးမြန်းနိုင်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)