ကျန်းမာရေးအသိအမြင် မြှင့်တင် လူမှုဘဝရှေ့ခရီး ဆက်လက်တက်လှမ်း

၁၄ ဇွန်

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီး ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း ဇွန်လ ၁၂ ရက်နေ့က အသိပေးကြေညာခဲ့သည်။

 

မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားမှု၊ ကာကွယ်မှု၊ ကုသမှု၊ ထိန်းချုပ်နိုင်မှု အခြေအနေတို့အပေါ်မူတည်၍ ရောဂါထိန်းချုပ်ရေးကို ရက်တိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ အဓိကကျသည့် ပြည်သူများက ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ဆက်လက် လိုက်နာကြရမည် ဖြစ်သည်။ ထို့အပြင် မိမိတို့လူမှုစီးပွားဘဝများ ရှေ့ဆက်၍၊ အခြေအနေကောင်းများရရှိလာစေရေးနှင့် ကျန်းမာကြံ့ခိုင်သော နိုင်ငံသားများဖြစ်လာစေရေး ကျန်းမာရေးအသိအမြင်ဗဟုသုတများ တိုးပွားရရှိလာ အောင်လည်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် လူတိုင်းနှင့် သက်ဆိုင်သဖြင့် ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အသိအမြင်ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ကိုဗစ်- ၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်မှုနည်းလမ်းများအား ပြည်သူလူထုအနေဖြင့် မည်မျှသိရှိနားလည်ကြသည်ကို ကျန်းမာရေး သုတေသနပြု ဆန်းစစ်လေ့လာခဲ့ကြသည်။ တွေ့ဆုံမေးမြန်းခဲ့သူများ၏ ၉၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကို ကြားဖူးကြသည်ဟုဆိုကြပြီး ၈၇ ရာခိုင်နှုန်းသည် ရောဂါနှင့်ပတ်သက်၍ ဗဟုသုတအနည်းငယ်သာရှိ၍ ၂၇ ရာခိုင်နှုန်းသည် ရောဂါဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းကို မှန်ကန်စွာဖြေဆိုနိုင်ကြသည်။

 

သုတေသနစစ်တမ်းများအရ ပြည်သူလူထုအတွင်း၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော အသိပညာဗဟုသုတနှင့် ရောဂါမဖြစ်ပွားစေရန် ကာကွယ်နိုင်သည့်နည်းလမ်းများ၊ လိုက်နာကျင့်သုံးနိုင်မှုများ အားနည်းနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အကြိမ်ကြိမ်သတိပေးနေရသည်။ ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းစာလျှင် မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ရောဂါကူးစက်ဖြစ်ပွားမှု အလွန်နည်းပါးပါသည်။ လက်ရှိ ရောဂါ ဖြစ်ပွားသူ ၂၀၀ ကျော်မှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများထံမှ တွေ့ရှိရသည်မှာ အများဆုံးဖြစ်သဖြင့် စိုးရိမ်ဖွယ်အခြေအနေမရှိဟု ဆိုချင်ဆိုနိုင်ပါသည်။ စိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်မလာအောင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

 

သို့သော် ရောဂါ၏အတိမ်အနက်၊ သဘောသဘာဝတို့ကို သေချာစွာ သိရှိခန့်မှန်းနိုင်ရန်ခက်ခဲလှပြီး ပြည်သူလူထုအတွင်း ရောဂါဖြစ်ပွားသူ ရောက်ရှိနေသည်ကို မသိရှိလိုက်ပါက အစုလိုက်အပြုံလိုက် အန္တရာယ် ကြီးမားစွာဖြစ်ပေါ်လာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ ထိုသတိသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို အမြဲမပြတ် လိုက်နာဆောင်ရွက်ရန်နှင့် ပြည်သူလူထုအားလုံးတို့တွင် ကျန်းမာရေးအသိ အမြင်ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိသွားရေးဖြစ်သည်။

 

ပြည်သူလူထုအတွင်း ကျန်းမာရေးအသိအမြင်ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်းသည် ကိုဗစ်-၁၉ ရောဂါကိုသာမက မိမိတို့၏ တစ်ဘဝလုံးအတွက် ကျန်းမာသော လူမှုဘဝနေထိုင်မှုပုံစံများရရှိပြီး ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်ပါသည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပြီး မည်သည့်လူမှုဘဝအဆင့်အတန်းဖြစ်စေကျန်းမာသောဘဝကို ပိုင်ဆိုင်ထားပါက မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် အရာရာကို ဖြတ်ကျော်စွမ်းဆောင်နိုင်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဘေးကို ကျော်လွှားနိုင်ရေးနှင့် ကျန်းမာ သောလူမှုဘဝများကို ပိုင်ဆိုင်နိုင်ရေးအတွက် ကျန်းမာရေးအသိအမြင် ဗဟုသုတများတိုးပွားလာအောင် ကိုယ်စီကိုယ်စီလေ့လာမှတ်သား၊ ဆိုင်ရာ ဆိုင်ရာတို့ကလည်း စဉ်ဆက်မပြတ် ထိတွေ့မျှဝေအသိပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ