ကျန်းမာရေးစရိတ် ဘယ်လိုမျှပေးကြမလဲ

၃  စက်တင်ဘာ

စရိတ်မျှပေးကျန်းမာရေး ဆိုသောစကား တစ်ချိန်တစ်ခါက ခေတ်စားခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်းများရော ပြည်သူလူထု အတွက်ပါ အကောင်း၊ အဆိုး၊ အချို၊ အခါး ရောပြွမ်းသော အတွေ့အကြုံများ ရရှိခဲ့ပါသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့အကူး တိုင်းပြည်စီးပွားရေးကလည်း ရုန်းကန်နေရဆဲအချိန်တိုးမြင့်လာသည့် ကျန်းမာရေး အသုံးစရိတ်များကိုကျခံနိုင်ရေး အခက်အခဲဖြစ်လာပါသည်။

စရိတ်မျှပေး ကျန်းမာရေး

ထိုစဉ် တာဝန်ရှိပုဂ္ဂိုလ်၏ နိုင်ငံတော်က ဆေးရုံ၊ ဆေးခန်းတွေ ဆောက်ပေးထားပြီးပြီ၊ ဝန်ထမ်းတွေလည်း ခန့်ထားပေးပြီးပြီ၊ ပြည်သူတွေလည်း ကျန်းမာရေးစရိတ်အတွက် မျှခံသင့်တယ်ဟု သဘောသက်ရောက်သည့် လမ်းညွှန်ချက်အပေါ် အခြေခံကာ စရိတ်မျှပေးကျန်းမာရေးစနစ် ၁၉၉၀ ပြည့်လွန်နှစ်များတွင် စတင်ပေါ်ပေါက်လာပါသည်။ စရိတ်မျှပေးမှုကြောင့် နိုင်ငံတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ အသက်ရှူချောင်နိုင်မည် ဖြစ်သော်လည်း ထင်ရှားသည့်ဆိုးကျိုးတစ်ခုမှာ အိမ်ထောင်စုများအနေဖြင့် ဆေးဝါးကုသမှုခံယူရန်အတွက် ကိုယ်ပိုင်စိုက်ထုတ်ပေးရငွေ (out of pocket spending for health) မြင့်တက်လာခြင်းပင်ဖြစ်ကာ စုစုပေါင်း အမျိုးသားကျန်းမာရေးအသုံးစရိတ် (National Health Expenditure) ၏ ၈၀ ရာခိုင်နှုန်းကျော်အထိ များပြားလာခြင်းပင်။ ဆိုလိုသည်မှာ တစ်မျိုးသားလုံး ကျန်းမာရေးအသုံးစရိတ် ၁၀ဝ ရှိတိုင်း အိမ်ထောင်စုများ အိတ်စိုက်သုံးရငွေမှာ ၈၀ ကျော်ရှိပြီး အစိုးရ၏ ကျခံမှုက ၁၀ ကျော်သာရှိခြင်းပင် ဖြစ်ပါသည်။

သို့ဖြင့် ရောဂါသည်ဖြစ်ချိန်ကျမှ အိတ်စိုက်သုံးရသဖြင့် အချို့ငွေကြေးမတတ်နိုင်သဖြင့် လိုအပ်လျက်နှင့် ကုသမှုခံယူနိုင်စွမ်း မရှိ၍ ရောဂါပိုဆိုး သေဆုံးရခြင်း၊ ငွေကြေးကို တစ်ဖက်တစ်လမ်းမှ ရှာဖွေနိုင်သူတချို့လည်း ကုသမှုစရိတ်ထောင်းသဖြင့် စီးပွားရေးထိခိုက် ဆင်းရဲတွင်းထဲ ထိုးကျသွားခြင်းတို့ ဖြစ်ခဲ့ရပါသည်။

ဒီမိုကရေစီအပြောင်းအလဲ ခေတ်ဦးကာလ ရောက်ရှိသည့်အခါ ပြည်သူသို့ ရှေးရှုစဉ်းစားပေးသည့် အလေ့အထများ စတင်ပေါ်ပေါက်လာကာ နိုင်ငံတော်အစိုးရက ကျန်းမာရေးအသုံးစရိတ်ကို တိုးမြှင့်ကျခံပေးပြီး စရိတ်မျှပေးရခြင်းကို လုံးဝနီးပါးလျှော့ခဲ့သဖြင့် ဆေးကုသစရိတ်အတွက် အိမ်ထောင်စုများ အိတ်စိုက်သုံးစွဲရမှု သိသာစွာကျဆင်းလာသော်လည်း ကျေနပ်ဖွယ်အတိုင်း အတာအထိမရောက်သေးပါ။ နိုင်ငံတော်က အခမဲ့ဆေးဝါး ကုသမှုပေးနေပါသည်ဆိုခြင်းမှာ အပေါ်ယံအမြင်ဖြင့် ကောင်းသယောင်ထင်ရသော်လည်း လက်တွေ့ကျကျ ကြည့်ပါက နည်းလမ်းကျသည့်ကိစ္စမဟုတ်ပါ။

ဘယ်လိုစရိတ်မျှပေးကြမလဲ

ဆိုခဲ့ပြီးသည့်အတိုင်း အခမဲ့ဆေးဝါးကုသမှုပေးမည်ဆိုပါက ဆေးရုံ၊ ဆေးခန်း လက်လှမ်းမီသည့်အရပ်တွင် နေထိုင်သူ အထူးသဖြင့် မြို့နေလူထုအတွက် တစ်ပန်းသာသော်လည်း ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းမမီသည့် ကျေးလက်နေလူထုအတွက် တရားမျှတမှုမရှိပါ။ တိုးမြင့်လာမည့် ကျန်းမာရေးအသုံးစရိတ်များအတွက် နိုင်ငံတော်က ရေရှည်ကျခံနိုင်ရန် မလွယ်ပါ။ စရိတ်မျှပေးမှုကတော့ လိုအပ်နေဦးမည်သာ ဖြစ်ပါသည်။ အကောင်အထည် ဖော်ခဲ့ပြီးဖြစ်သည့် စရိတ်မျှပေးအစီအစဉ်သည် ငွေကြေးတတ်နိုင်သူများအတွက်သာ ရည်ရွယ်ပြီး နွမ်းပါးသူများကို အခမဲ့စောင့်ရှောက်ပေးရန်ဖြစ်ခဲ့သော်လည်း လက်တွေ့တွင် ရည်မှန်းချက်မပေါက်ရောက်ခဲ့ပါ။ အမှန်ဖြစ်သင့်သည်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အချိန်၊ တစ်နည်းအားဖြင့် နာမကျန်းဖြစ်ချိန်ကျမှ စရိတ်မျှပေးခြင်းအစား နိုင်ငံတော်စီမံခန့်ခွဲမှုဖြင့် ကြိုတင်ထည့်ဝင်ငွေအဖြစ် ကျခံ၊ မျှခံစေရန်ဖြစ်ပါသည်။

အိမ်ထောင်စုများအနေဖြင့် ငွေကြေးကြိုတင်ထည့်ဝင်ထားခြင်းဖြင့် စရိတ်မျှခံနိုင်ရန် နည်းလမ်းနှစ်သွယ်ရှိပါသည်။ ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း အလားတူကျင့်သုံးလျက်ရှိပါသည်။ ပထမနည်းလမ်းမှာ နိုင်ငံတော်အခွန်ဘဏ္ဍာသို့ မိမိတို့ ပေးသင့်သည့်အခွန်ကို တာဝန်ကျေစွာ ပေးချေခြင်းမှတစ်ဆင့် ဖြစ်ပါသည်။ သာဓကအားဖြင့် အင်္ဂလန်ကဲ့သို့နိုင်ငံမျိုးတွင် ကျန်းမာရေးအသုံးစရိတ်ကို အစိုးရအခွန်ဘဏ္ဍာငွေမှ ကျခံခြင်းဖြစ်ကာ National Health Service (NHS) အဖြစ် လူသိများကြပါသည်။ ဒုတိယနည်းလမ်းမှာ ဝင်ငွေအပေါ်အခြေခံကာ သတ်မှတ်ထားသည့် ထည့်ဝင်ငွေကို တာဝန်ခံ ဆောင်ရွက်မည့်အဖွဲ့အစည်းသို့ ထည့်ဝင်ခြင်းဖြစ်ပါသည်။ မဖြစ်မနေထည့်ဝင်ရမည်ဖြစ်ပြီး ထိုသို့ထည့်ဝင်ရေးအတွက် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းရပါသည်။ ဂျာမနီနိုင်ငံက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး Social Health Insurance အဖြစ် အသိများကြပါသည်။

နည်းလမ်းနှစ်မျိုးစလုံးတွင် အားသာချက်၊ အားနည်းချက်များ ရှိကြပါသည်။ မိမိတို့နိုင်ငံ၏ စီးပွားရေးအဆင့်၊ နိုင်ငံရေးနောက်ခံနှင့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့် လျော်ညီမှုရှိအောင် ညှိနှိုင်းပြင်ဆင် အကောင်အထည် ဖော်ကြရသည်ဖြစ်ရာ အချို့နိုင်ငံများတွင် နည်းလမ်းနှစ်မျိုးစလုံးကို တွဲဖက်အကောင်အထည်ဖော်မှုများလည်း ရှိပါသည်။

အဓိကကောင်းမွန်သည့်အချက်မှာ ငွေကြေးကိုကြိုတင်ထည့်ဝင်ပေးထားပြီးဖြစ်သဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်လာသည့်အခါ ငွေကြေးမတတ်နိုင်သဖြင့် စောင့်ရှောက်မှုမခံယူနိုင်သည့် အခြေအနေကို ရှောင်လွှဲနိုင်ခြင်း ဖြစ်ပါသည်။ နည်းလမ်းစနစ် အမျိုးအစားအလိုက် အခွန် သို့မဟုတ် ထည့်ဝင်ငွေကို သတ်မှတ်ရာတွင် ဝင်ငွေ သို့မဟုတ် ငွေကြေးတတ်နိုင်ခြေအပေါ် အခြေခံသတ်မှတ်သည်ဖြစ်ရာ သဘောတရားအရ ကျန်းမာရေး အသုံးစရိတ်အတွက် ပြည်သူတွင်း အချင်းချင်းမျှခံပေးကြသည့် သဘောဖြစ်ပါသည်။

ကျန်းမာသူက မကျန်းမာသူအတွက်၊ တတ်နိုင်သူက မတတ်နိုင်သူအတွက် ကျန်းမာရေးစရိတ် ထောက်ကူမျှခံပေးသည့် သဘောဖြစ်ပါသည်။ စရိတ်မျှပေး ကျန်းမာရေးစနစ် အကောင်အထည်ဖော်ခဲ့စဉ်က အိမ်ထောင်စုများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရာတွင် လိုအပ်သလောက်ယူ ကျသင့်သမျှပေးသဘောတရားဖြစ်ရာ ငွေကြေးတတ်နိုင်မှ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မည့်သဘော ဖြစ်ပါသည်။ ကြိုတင်ထည့်ဝင်ငွေစနစ်ဖြင့် စရိတ်မျှခံသည့်အခါ လိုအပ်သလောက်ယူ၊ တတ်နိုင်သလောက်ပေးသဘောသက်ရောက်ပါသည်။ ကျန်းမာရေးအသုံးစရိတ်ဆိုင်ရာ ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ၏အဓိကရည်ရွယ်ချက်မှာ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုခံယူရာတွင် ငွေကြေးဆိုင်ရာ အခက်အခဲများမှ ကာကွယ်ပေးနိုင်ရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ငွေကြေးမတတ်နိုင်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မခံယူရခြင်းမရှိစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေးကုန်ကျမှုကြောင့် အိမ်ထောင်စုများ စီးပွားရေးအခက်တွေ့ ဆင်းရဲဒုက္ခမရောက်ရစေရေးပင် ဖြစ်ပါသည်။ မည်သည့်နည်းလမ်း ကောင်းမွန်သည်၊ အသုံးချသင့်သည်ဆိုခြင်းမှာ သက်ဆိုင်ရာ မူဝါဒချမှတ်သူများနှင့် ပညာရှင်များ၏အရာဖြစ်သဖြင့် အကျယ်မရေးတော့ပါ။

သူ့ချည်းသာလော

ကျန်းမာရေးအသုံးစရိတ် ရှာဖွေခြင်းနည်းလမ်းဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်သည့်အခါ အခြားလိုအပ်ချက်များကို တစ်ပါတည်း ထည့်သွင်းစဉ်းစား ကြိုတင်စီမံထားရန်လည်း လိုအပ်ပါသည်။ တစ်သီးတခြား စီမံအကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အခက်အခဲများကြုံတွေ့နိုင်ပြီး ငွေကြေးထည့်ဝင်သူပြည်သူများ၏ ရပိုင်ခွင့်များကို အပြည့်အဝ ပြန်လည်ပေးဆောင်နိုင်မည်မဟုတ်ပါ။ ပြည်သူလူထု၏ ယုံကြည်မှုလျော့ပါးသွားတတ်ပါသည်။

ကောက်ခံရရှိထားသည့် ငွေကြေးပမာဏနှင့်လျော်ညီစွာ ပြန်လည်ပေးနိုင်မည့် စောင့်ရှောက်မှုအမျိုးအစား အတိုင်းအတာပမာဏကို ကြိုတင်သတ်မှတ် အသိပေးထားရမည်။ ထိုသတ်မှတ်ထားသည့် စောင့်ရှောက်မှုအမျိုးအစားအလိုက် စံကိုက်ကုထုံးလည်း သတ်မှတ်ပြီး လိုက်နာစေရပါမည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းကုထုံးများဖြင့် စခန်းသွားမရပါ။ ထိုနည်းတူစောင့်ရှောက်မှုပေးမည့်သူ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါသည်။ ထိုသူတို့အတွက် မှန်ကန်သောမက်လုံးပေးနိုင်သည့် ငွေပေးချေမှုစနစ်လည်းရှိရပါမည်။ ပုဂ္ဂလိကကဏ္ဍရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ၏ ပါဝင်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ စည်းကမ်းနည်းလမ်းတကျဖြစ်စေရေးအတွက် ထိန်းသိမ်းကွပ်ကဲမှုဘောင်လည်း ရှိရပါမည်။ ငွေကြေးကို စနစ်တကျ လေလွင့်မှုမရှိ၊ အလွဲသုံးစားမှုမရှိ သုံးစွဲနိုင်အောင်စောင့်ကြပ်ကြည့်ရှုနိုင်ရေးနှင့် လူနာအများ၏ မှတ်တမ်းမှတ်ရာ ကိစ္စများကို အထောက်အကူပြုမည့် သတင်းစနစ် ရှိရပါမည်။

အချုပ်အားဖြင့်ဆိုရသော် ကျန်းမာရေးအသုံးစရိတ် ရှာဖွေသုံးစွဲစီမံခန့်ခွဲခြင်းသည် ကျန်းမာရေးစနစ်တစ်ခုလုံး၏ အစိတ်အပိုင်း တစ်ရပ်သာဖြစ်ကာ ကျန်အစိတ်အပိုင်းများနှင့်လည်း အပြန်အလှန်အကျိုးသက်ရောက်မှုရှိသည်ဖြစ်ရာ ကောင်းမွန်ထိရောက်မှုရှိသော ကျန်းမာရေးအသုံးစရိတ်ဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးစနစ်တစ်ခုလုံး၏ ကျန်အစိတ်အပိုင်းများကို လျစ်လျူရှုပြီး တစ်သီးတခြား ဆောင်ရွက်ပါက ကောင်းကျိုးထက် ဆိုးကျိုးက များပါမည်။ သို့ဖြစ်ပါ၍ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် တွေးတောဆင်ခြင်ပြီး ကျန်းမာရေးအသုံးစရိတ် စနစ်အောင်မြင်ထိရောက်စေရေးအတွက် အခြားကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း စူးစမ်းဖော်ထုတ်ကာ တွဲဖက်ညီ ဟန်ချက်ညီ လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ ဆန္ဒစောပြီး အလောတကြီး ဖုတ်ပူမီးတိုက် ဆောင်ရွက်မည့်အစား လိုအပ်သည့် အချိန်အတိုင်းအတာတစ်ခုကိုယူကာ စနစ်တကျ ဆောင်ရွက်သွားနိုင်ပါမှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ဒေါက်တာဖုန်းမြင့်(ကျန်းမာရေးစီမံကိန်း)