ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 Antigen Test Kit များ ပေးအပ်လှူဒါန်း

ရန်ကုန်၊ ၆ ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် KYOBO Life Insurance မှ COVID-19 Antigen Test Kit များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission / Minister Counsellor Mr. Hahm Jeonghan တို့က အမှာစကားပြောကြားပြီး KYOBO Life Insurance မှ Mr. Song chul Yoon က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission / Minister Counsellor Mr. Hahm Jeonghan နှင့် KYOBO Life Insu rance မှ Mr. Songchul Yoon တို့က COVID-19 Antigen Test Kit များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 Antigen Test Kits များ ပေးအပ်လှူဒါန်းရာတွင် KYOBO Life Insurance မှ အမေရိကန်ဒေါ်လာ ၃၇ဝ၀၀ နှင့် ညီမျှသော COVID-19 Antigen Test Kits ၅၀၀၀ ခုကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း-မင်းသစ်(MNA)

ဓာတ်ပုံ-ဇော်မင်းလတ်