ကျန်းမာရေးနှင့် ညီညွတ်၍ အန္တရာယ်ကင်းစေမှု အစားအစာ ဘေးကင်းလုံခြုံရေး အထူးဂရုပြု

လူတို့ အသက်ရှင်သန်ရန်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို ရရှိစေရန်အလို့ငှာ အစားအစာကို မဖြစ်မနေစားကြသည်။ ယင်းသို့ မဖြစ်မနေစားကြရသည့် အစားအစာသည်လည်း သန့်ရှင်းရန်၊ ကျန်းမာရေးနှင့် ညီညွတ်ရန်လိုသည်။ စားလိုက်သည့် အစာအာဟာရတို့ မသန့်မရှင်း၊ ဘေးမကင်းပါက အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်။

 

ရန်ကုန်တိုင်းကြီး မြို့နယ်သုံးမြို့နယ်ရှိ ဈေးအချို့တွင် ရောင်းချသော ကြက်သားအစိမ်းများ၌ ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိခြင်း (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ ဆေးသုတေသနညီလာခံတွင် တင်သွင်းခဲ့သော စာတမ်းကို အကြောင်းပြု၍ စားသုံးသူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သလို မြန်မာတို့၏ ချက်ပြုတ်စားသုံးမှုဓလေ့အရ အသားငါးတို့ကို ကောင်းစွာနူးနပ် သည်အထိ ချက်ပြုတ်စားသောက်ပါက အန္တရာယ်မရှိနိုင်ကြောင်း အကြံပြုချက်များ ထွက်ပေါ်လာခြင်းကြောင့် စိတ်သက်သာရာ ရခဲ့ကြသည်။

 

ဆဲလ်မိုနဲလသည် ဗက်တီးရီးယား ပိုးတစ်မျိုးဖြစ်ပြီး မျိုးကွဲပေါင်း ၂၆၀၀ ကျော်ရှိကြောင်း၊ လူနှင့် တိရစ္ဆာန်များ၏ အူလမ်းကြောင်းတွင် သဘာဝအလျောက် တွေ့ရလေ့ရှိပြီး အန္တရာယ်ရှိနိုင်သည့် ဆဲလ်မိုနဲလား ဗက်တီးရီးယားမျိုးကွဲမှာ အနည်းငယ်သာရှိကြောင်း၊ အန္တရာယ်ရှိသည့် ဆဲလ်မိုနဲလား ဗက်တီးရီးယားကြောင့် အစာအဆိပ်သင့်ခြင်းနှင့် အူရောင်ငန်းဖျား (တိုက်ဖွိုက်)ရောဂါတို့ ဖြစ်နိုင်ကြောင်း စသည့်ဗဟုသုတ များကိုလည်း ရရှိခဲ့ကြသည်။

 

မြန်မာနိုင်ငံနှင့်တကွ အိမ်နီးချင်းနိုင်ငံများ လတ်တလောစိုးရိမ်နေ ကြရသည်မှာ ၂၀၁၉ - နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ခေါ် ပြင်းထန် အဆုတ်ရောင်ရောဂါပိုး ကူးစက်ပြန့်ပွားနေမှုဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သတ္တမမြောက် အကြီးဆုံးမြို့ကြီး ဖြစ်သည့် ဝူဟန်မြို့ရှိ ဟူနန်ပင်လယ်စာ လက်ကားဈေးကြီးမှ စတင်ပြန့်ပွားလာခြင်းဖြစ်သည် ဟူ၍ ယူဆထားသည့် အဆိုပါ ပြင်းထန် အဆုတ်ရောင်ရောဂါပိုးသည် လင်းနို့၊ မြွေ စသည့် တောရိုင်းတိရစ္ဆာန်များနှင့် ဆက်စပ်နေသည်ဟု သတင်းများတွင် တွေ့ရသလို ဟူနန်ဈေးကြီးတွင် တောရိုင်းတိရစ္ဆာန်များကို စားသောက်ရန်အတွက် တရားမဝင်ရောင်းချနေသည့် ဈေးကွက်ရှိ နေကြောင်းလည်း တွေ့ရသည်။ အဆိုပါ တောကောင် အသွေးအသားများကို အကြောင်းပြု၍ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် လူတို့တွင် ကူးစက်ပြန့်ပွားလာရခြင်း ဖြစ်သည်ဟူ၍ လတ်တလောကောက်ချက်စွဲထားရာ တောကောင် အသားစားကြသူများ သတိပြုဖွယ်ပင်ဖြစ်သည်။

 

အထက်ဖော်ပြပါ ပြည်တွင်းပြည်ပ ဖြစ်စဉ်နှစ်ခုတွင် အစားအစာများ ဘေးကင်းစိတ်ချလုံခြုံရေးအတွက် ဈေးများ၏ အရေးပါပုံကို တွေ့မြင်ရသည်။ ထို့အပြင် စားသုံးရန်အတွက် သားငါးများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဈေးကွက်၌ရောင်းချခြင်း အဆင့်ဆင့်တို့၌ သန့်ရှင်းမှုနှင့် စနစ်ကျနမှုတို့ လိုအပ်ကြောင်း၊ သန့်ရှင်းမှုနှင့် နည်းစနစ်ကောင်းတို့ မရှိပါက မမျှော်မှန်းနိုင်လောက်အောင်ပင် အန္တရာယ်ကြီးမားလှကြောင်း တို့ကိုလည်း သုံးသပ်ကြည့်မြင် နိုင်မည် ဖြစ်သည်။ မွေးမြူသည့်ခြံများတွင် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ် များကို အမှန်တကယ်ကျင့်သုံးစေခြင်း၊ သားသတ်ရုံများ၊ လက်လီ ရောင်းချသည့် ဈေးကွက်များ၌ စနစ်တကျ သန့်ရှင်းစွာ ထုတ်လုပ် ရောင်းချစေခြင်း၊ အသားထုတ်လုပ်မှုနှင့် ရောင်းချမှုတို့တွင် ပါဝင် ဆောင်ရွက်သူအားလုံး ကျန်းမာသန့်ရှင်းစေခြင်းတို့ကို ပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းအားဖြင့် အစားအစာ ဘေးကင်း လုံခြုံမှုကို ရရှိနိုင်မည်ဖြစ်သလို ဈေးကွက်အတွင်း တရားမဝင် ရောင်းချမှုများကိုလည်း ထိထိရောက်ရောက် ဖော်ထုတ် အရေးယူနိုင်ရန် လိုအပ်မည်ဖြစ်သည်။

 

အစားအစာဘေးကင်းလုံခြုံရေးတွင် အဓိကအကျဆုံးလူမှာ စားသုံးသူဖြစ်သည်။ စားသုံးသူများကိုယ်တိုင်က အန္တရာယ်ကင်း သည့် အစားအစာ၊ သန့်ရှင်းသည့် အစားအစာတို့ကိုသာ ရွေးချယ်ဝယ်ယူ စားသုံးကြရန်ဖြစ်သည်။ အစားအစာဘေးအန္တရာယ် ကင်းရှင်းမှုက မိမိ၏ကျန်းမာရေးနှင့် အသက်ရှည်ရာရှည်ကြောင်းဖြစ်သည့်အလျောက် လူတိုင်းက ဘေးကင်းသည့် အစားအစာကိုသာ ရွေးချယ်ခြင်းဖြင့် ဈေးကွက်ကိုယ်နှိုက်က လိုက်ပါပြောင်းလဲလာမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း စားသုံးသူပြည်သူများ ကျန်းမာသန့်ရှင်းသည့် အစားအစာကို ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘေးအန္တရာယ်ကင်း၍ ကျန်းမာခြင်းနှင့် ပြည့်စုံသည့် အစားအစာဈေးကွက်များ ပေါ်ပေါက် လာအောင် တွန်းအားပေးနိုင်မည် ဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်း၊ အယ်ဒီတာ့အာဘော်