ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်၏ Malaria GFATM Country Dialogue(Myanmar) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၁၉

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက် (၂၀၃၀)ပြည့်နှစ်တွင် ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက် ပြည့်မီရေးအတွက် ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့် (၂၀၂၄) ခုနှစ်မှ (၂၀၂၆) ခုနှစ်အထိ ဆက်လက်ဆောင်ရွက်မည့် ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအတွက် RAI4E funding Proposal အတွက် အလုပ်ရုံဆွေးနွေးပွဲ Malaria GFATM Country Dialogue(Myanmar)ကို နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအ ဝေးခန်းမ၌ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း က မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ ဖြစ်ပွား/သေဆုံးမှုသည် (၂၀၁၂) ခုနှစ်မှ (၂၀၂၀) ပြည့်နှစ်အတွင်း သိသာစွာ လျော့နည်းကျဆင်းခဲ့သော်လည်း    (၂၀၂၀)ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ငှက်ဖျားရောဂါကင်းဝေးရေးလုပ်ငန်းစဉ်များအပေါ် သက်ရောက်မှုရှိခဲ့ ပါကြောင်း၊ အထူးသဖြင့် သွားလာရခက်ခဲသော နယ်စပ်ဒေသများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာခဲ့သဖြင့် ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် ပိုမိုအားစိုက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် (၂၀၂၅)ခုနှစ်တွင် ဖယ်စီပါရမ် ငှက်ဖျားရောဂါကင်းဝေးရေးနှင့် (၂၀၃၀)ပြည့်နှစ်တွင် ငှက်ဖျားရောဂါအလုံးစုံကင်းဝေးရေးတို့အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း။
    
ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ရန်ပုံငွေဆက်လက်ထောက်ပံ့နိုင်ရေးအတွက် အဆိုပြုလွှာကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆွေးနွေးဆောင်ရွက်လျက်ရှိပြီး မကြာမီ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့သို့ ပေးပို့နိုင်မည်ဟုသိရှိရကြောင်းနှင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
    
ဆက်လက်၍ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်မန်နေဂျာ၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါက်တာနေရည်ရည်လင်း က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကင်းဝေး ရေး ဆောင်ရွက်မည့် မဟာဗျူဟာနှင့် ဦးစားပေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူများက ရန်ပုံငွေလျှောက်ထားခြင်းနှင့် ပတ်သက်သော အဆင့် များနှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ငှက်ဖျားမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်တစ်ဦးက ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ဆက်လက်ဦးစားပေးဆောင် ရွက်ပေးစေ လိုသည့် အချက်များကို  ရှင်းလင်းတင်ပြကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက် ရေးစီမံချက် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)