ကျန်းမာရေးဝန်ကြီးဌာန၊ သစ်လွင်သူနာပြုများကို တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၇

 

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော် ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ယနေ့ကျင်းပသည့် သစ်လွင်သူနာပြုများကို အခမ်းအနားဖြင့် ရာထူးခန့်အပ်တာဝန် ပေးအပ်ခြင်းသည် သစ်လွင်သူနာပြုများကို အားပေးချီးမြှင့်ရန်၊ တာဝန်ချထားသောနေရာများသို့ ပျော်ရွင်စွာ သွားရောက် တာဝန်ထမ်းဆောင်နိုင်စေရန်၊ သူနာပြုစုမှုအား ပိုမိုစိတ်အားထက်သန်လာစေရန်၊ သူနာပြုစုစောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း။

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြု တက္ကသိုလ်နှစ်ခုနှင့် သူနာပြုသင်တန်းကျောင်း (၂၇) ကျောင်း၊ သားဖွားသင်တန်းကျောင်း (၂၃) ကျောင်း၊ နှီးနွယ်သင်တန်းကျောင်း (၃) ကျောင်းအပါအဝင် သင်တန်းကျောင်း (၅၃) ကျောင်းတို့မှ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်လျှက်ရှိရာ လက်ရှိတွင် သင်တန်းသား/ သင်တန်းသူ (၃၆၅၂) ဦးတက်ရောက်နေကြောင်းနှင့် သားဖွားသင်တန်းကျောင်းများတွင် (ပထမ) နှစ် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းသူ (၅၂၁) ဦး တက်ရောက်နေကြောင်း၊ သူနာပြုတက္ကသိုလ် (မန္တလေး) တွင် တက်ရောက် သင်ကြားနေသည့် သူနာပြုသိပ္ပံဘွဲ့ ကျောင်းသား /ကျောင်းသူ (၅၀၀) ခန့်နှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် တက်ရောက် သင်ကြားနေသည့် သူနာပြုသိပ္ပံဘွဲ့ ကျောင်းသား/သူ (၅၁၇) ဦးခန့်ရှိပြီး (၂၀၂၃) ခုနှစ်တွင် တက်ရောက်သင်ကြားမည့် (ပထမနှစ်) သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား/ သင်တန်းသူ(၄၀၄၅) ဦးရှိကြောင်း။

 

ယခုအလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ ဆရာမများအနေဖြင့် နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် ထမ်းရွက်ရာ၌ မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရမှာဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြုဆရာ/ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ ကြစေလိုကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရေးကို ပညာပြည့်ဝ နှလုံးလှစွာ ချိုသာပျူငှာ ဆက်ဆံကြပါရန်နှင့် အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများဖြင့် ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်သောခံယူချက် (Mindset) ရှိသည့် သူနာပြု ဆရာ/ ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ ပေးအပ်သောနိုင်ငံ့ တာဝန်နှင့် ပြည်သူများ၏ အကျိုးအတွက် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ပေးကြရန် လိုအပ်ကြောင်း၊ မည်သည့် အခြေအနေမျိုးဖြင့် ကြုံတွေ့စေကာမူ လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုး မပြုလုပ်စေလိုကြောင်းနှင့် သူနာပြုကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင် ဆောင်ရွက်စေလိုကြောင်း။

 

ထို့အပြင် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း တက်ရောက်ပြီး သူနာပြု - သားဖွားပညာရေးဖြင့် ရောင့်ရဲတင်းတိမ်မနေဘဲ (၉) လ အထူးပြု သူနာပြုဒီပလိုမာသင်တန်း၊ အရေးပေါ်သူနာပြုစုမှု ပညာသင်တန်း၊ သူနာပြုသိပ္ပံ (B.N.Sc) (ပေါင်းကူး) ဘွဲ့ရသင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာ အရေးပေါ် သူနာပြုစုမှုပညာသင်တန်း၊ ပြည်သူ့ကျန်းမာရေး မဟာသိပ္ပံဘွဲ့ (MPH)၊ သူနာပြုမဟာသိပ္ပံဘွဲ့ (M.N.Sc)၊ ထိုမှတဆင့် သူနာပြုပါရဂူဘွဲ့ (Ph.D) ရသည်အထိ ကြိုးစားကြစေလိုကြောင်းနှင့် M.N.Sc ၊ Ph.D ဘွဲ့များကို ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ တက်လှမ်းနေနိုင်ကြသည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့် ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုများအား ပညာရှင်ချီးမြှင့်စရိတ်နှင့် ညစာစားစရိတ်များကို ခံစားခွင့်ပြုလျက်ရှိကြောင်း၊ ဝတ်စုံစရိတ်၊ စားစရိတ်များကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်တိုးမြှင့်ပေးခဲ့ကြောင်း၊ ရာထူးတိုး အခွင့်အလမ်းအနေဖြင့် သူနာပြုဆရာမကြီးများအား အရာရှိလစာ တိုးမြှင့်ပေးနေခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရပ်ခြားသို့ သူနာပြုစုမှု အတတ်ပညာများ သွားရောက်လေ့လာရန် စေလွှတ်ခြင်း၊ ဆေးရုံများတွင်လည်း နေထိုင်ရန် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြုဌာနဆိုင်ရာ အမိန့်စာများကို သစ်လွင်သူနာပြုများ၏ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးကို ပေးအပ်ခဲ့ပြီး သစ်လွင်သူနာပြုများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သစ်လွင်သားဖွားသူနာပြုများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကာ နံနက်စာ အတူတကွ သုံးဆောင်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း၌ ယခု သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးသည့် သူနာပြုသားဖွား ဒီပလိုမာအောင်မြင်သူ (၁၅၇) ဦး အပါအဝင် သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ (၈၄၃) ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရသူ (၄၂) ဦး၊ စုစုပေါင်း (၈၈၅) ဦးကို သစ်လွင်သူနာပြုများအဖြစ် တာဝန်ပေးအပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သူနာပြုသားဖွား မွေးထုတ်နိုင်မည့် ဦးရေအနေဖြင့် သူနာပြုသားဖွား ဒီပလိုမာ (၃) နှစ် သင်တန်းတွင် (၁၈၄၆) ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) သင်တန်းတွင် (၃၇) ဦး၊ ဘက်စုံ သားဖွားဒီပလိုမာ (၂) နှစ်သင်တန်းတွင် (၁၇၇) ဦး၊ စုစုပေါင်း (၂၀၆၀) ရှိပြီး ၎င်းတို့အား သင်တန်းပြီးဆုံးပါက ကျန်းမာရေးဝန်ကြီးဌာနတွင် သစ်လွင်သားဖွားသူနာပြုများအဖြစ် တာဝန်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်