ကဏ္ဍစုံ ပါဝင်ပတ်သက်သူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူး ၁၂ ဇူလိုင်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ) ဦးထွန်းခင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့်ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် တထပ်တည်းဖြစ်ရမည်ဟူသော စံ(၅)ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်ဇယားချမှတ်ပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခု၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြင်ဆင်သည့်နှစ်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသောမဲစာရင်းရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်လျှက် ရှိကြောင်း၊ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့လာရောက်ချိန်တွင် အချက်အလက်များ မှန်ကန်ရေး အတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ်လိုအပ်ကြောင်း၊ ပြည်သူများ အနေနဲ့ မဲပေးခြင်းဖြင့် ဒီမိုကရေစီအခွင့်အရေးအား ရယူကြပြီး ဒီမိုကရေစီစနစ် ရှင်သန်အောင် ဖော်ဆောင်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏(၂၀၁၉-၂၀၂၂)ဗဟာဗျူဟာ စီမံကိန်းအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်မိုးက လူဦးရေ စာရင်းကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား ရှင်းလင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကြံပြုဆွေးနွေးချက်နှင့် သိလိုသည်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ)ဦးထွန်းခင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် (ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ) ဦးထွန်းခင်၊ တိုင်း/ခရိုင်/မြို့နယ်ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ တိုင်းအဆင့်နိုင်ငံရေးပါတီ(၁၂) ပါတီမှတာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ လူထုအသိပညာပေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများ၊ မသန်းစွမ်းအရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းများ၊ အမျိုးသမီးကဏ္ဍ ဆောင်ရွက်နေသည့်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်း(၈)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။


တင်စိုး(ပဲခူး)