ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ဥပဒေရေးရာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြော

သထုံ  ဇွန်  ၂၂

 

မွန်ပြည်နယ် သထုံမြို့ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ)၌ ဇွန် ၂၁ ရက်က  ကျောင်းသား    ကျောင်းသူများ အသိပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာဟောပြောခြင်း၊     ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများ ပူးပေါင်း၍ တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိူင်က အမှာစကား‌ပြောကြားသည်၊၊   

 

ဟောပြောပွဲတွင် ဆက်သွယ်ရေးကွန်ရက် အင်တာနက်အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုရာ၌ သတိပြုရှောင်ကြဉ်ရမည့်အချက်များ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့နှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး ဥပဒေဆိုင်ရာသိကောင်းစရာများနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို   ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်အေးက လည်းကောင်း၊ အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (သထုံ)မှ ရဲအုပ်သက်နေလင်းနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဟန်ဝင်းထွဋ်တို့က ယာဉ်တိုက်မှု/ယာဉ်မတော်တဆမှု   အမျိုးအစား များ၊ ဖြစ်ပွားရသည့်အကြောင်းများ၊ လမ်းအသုံးပြုသူများလိုက်နာရမည့်  စည်းကမ်းချက်များနှင့်       ဥပဒေများကို ဟောပြောဆွေးနွေးကာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့သည်။

 

အဆိုပါ ဟောပြောပွဲသို့  သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း၊  ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ကထိကဌာနမှူးများ၊  ဆရာ  ဆရာမများ၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာကျောင်းသား ကျောင်းသူများ တက်ရောက်ကြ ကြောင်း သိရသည်။ 

ခွန်(ဝင်းပ)