ကန်ရေပြာပြာ ဂျီနီဗာ သို့မဟုတ် ကယ်လ်ဗင်နစ်ဇင်

နေလင်းဦး

 

ဂျနီဗာ ကန်ရိုးဝယ်

တောင်ခိုးနှင့်တိမ်၊ ရောယှက်လိမ်လျက်

တိမ်နှင့်တောင်ခိုး၊ တောင်ကိုမိုး၍

မိုးကိုမမြင်၊ ကန်ရေပြင်တွင်

ငွေသွင်တိမ်ရိပ်၊ ကူးသတည်း။ ။

မင်းသုဝဏ်

 

နွေဦးကဆောင်းရဲ့ အငွေ့အသက်မကုန်တတ်သေး။ ကန်ရေပြင်ဖြတ်ပြီး တိုက်ခတ်လာတဲ့လေဟာ ရိုးတွင်းချဉ် ဆီအထိ အေးစိမ့်လို့။ နေစောင်းနေပြီမို့ ဟိုတယ်ကို ပြန်ဖို့ တွေးလိုက်မိပေမယ့် ထိုင်နေတဲ့ ခုံတန်းလျားလေးကနေ မထချင်သေး။ ဆက်ထိုင်နေချင်သေးတယ်။ ထပ်ပြီး ငေးနေ၊ တွေးနေချင်သေးတယ်။

 

ကန်ရဲ့တစ်ဖက် ကုန်းမို့မို့ညို ညိုတွေအပေါ်မှာ အိမ်လေးတွေက အစီအရီ။ ကန်ရေပြင်ပေါ်မှာဇာမြူပုဝါပါးပါး က ကန့်လန့်ကာထားလို့ မှုန်ရီရီဖြစ်နေပေမယ့်လည်း မြင်နေနိုင်သေးတယ်။ ဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းပြောတာကတော့ အဲဒီဘက်ခြမ်းမှာ လူကုံထံ တွေ သာနေသတဲ့။ ဒါပေမယ့် အိမ်ကြီးကြီးမားမား၊ ခမ်း ခမ်းနားနားတွေ မတွေ့ရ။သာမာန် သူလို၊ ငါလိုအဆောက် အအုံများသာ။

ကျွန်တော့်ရဲ့ ညာဘက်မျက်စောင်းထိုးမှာ ဂျီနီဗာမြို့ဟောင်းကို ပြင်သစ်ပိုင်နယ်ထဲက ဂျူရယ် (Jura) တောင်တန်းက နောက်ခံပြုထားတယ်။ တောင်ခိုးတွေကဆိုင်းလို့။ တိမ်ခိုးတွေနဲ့ ထွေရော ယှက်တင်ဖြစ်နေတာကို ကြည့်ပြီး ဆရာမင်းသုဝဏ်ရဲ့ ဂျနီဗာကန်ရိုးဝယ်ဆိုတဲ့ ကဗျာကို သတိရလိုက်မိတယ်။ တောင်ခိုးနဲ့တိမ် ရောယှက် လိမ်ပြီး ကန်ရေပြင်ပေါ်တွင် ငွေရောင်အရိပ် ထင်သတဲ့ ............။

ဂျီနီဗာကန်ကို စမြင်စက ပင်လယ်ဝလို့တောင် ထင်မိတယ်။ ကန်က ကြီးလွန်းတော့။ ကန်ရိုးတစ်လျှောက်မှာ ညနေဆို ပြေးသူ၊ လမ်းလျှောက်သူ၊ ခုံတန်းတွေမှာ၊ မြက်ခင်းစိမ်းစိမ်းတွေမှာ ထိုင်ပြီးအပန်းဖြေ အနားယူသူတွေနဲ့ စည်ကားနေလေ့ရှိတယ်။ ဒါပေမယ့် လူတွေတရုံးရုံး ဖြစ်နေတာမျိုးလည်း မဟုတ်ပြန်ဘူး။ တိတ်ဆိတ်လွန်းတာ၊ ဆူညံလွန်းတာမဟုတ်တဲ့ နေချင်စဖွယ်သက်ဝင် လှုပ်ရှားနေရုံမျှသာ။ ဒီလိုအချိန်ဆို လမ်းလျှောက်လို့ လည်းကောင်းသလို အညောင်းအညာဖြေရင်း ကန်ရေပြင်ကို မျက်နှာမူထားတဲ့ ခုံတန်းလေးမှာ ကျွန်တော့်လို ထိုင်နားလို့ လည်းကောင်းတယ်။

 

ကျွန်တော့်ရဲ့ ကျောဖက်ခြမ်းမှာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀၀ ကျော် ရုံးစိုက်ရာ ဂျီနီဗာမြို့။ ဒီမြို့ကို မရောက်ဖူးခင်က စိတ်ထဲထင်ထားတာ မိုးပျံအဆောက်အအုံတွေ၊ ခေတ်မီသစ်လွင်တဲ့ လူနေအိမ်တွေ၊ နိစ္စဓူဝ ပျားပန်းခတ် သွားလာနေကြတဲ့လူတွေ တွေ့ရလိမ့်မယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ မြင့်မြင့်မားမားအဆောက်အအုံ များများစားစားသိပ်မရှိ။ အရောင် အသွေးကလည်း တောက်တောက်ပြောင်ပြောင်မဟုတ်။ မှိန်မွဲမွဲ။ တချို့ဆို ရေညှိပင် တက်နေလိုက်သေးတယ်။ လူသွားလူလာ၊ ယာဉ်သွားယာဉ်လာလည်း ကျပ်ကျပ်တည်းတည်းမရှိ။ သွားလာ လှုပ်ရှားနေကြတာကလည်း သက်သောင့်သက်သာ အေးအေးဆေးဆေးရှိလှတယ်။ အလျင်လို၊ ပြာယာခတ်တာမျိုး မတွေ့ရ။ တောမြို့လေး တစ်မြို့ ရောက်နေသလို ခံစားမိတယ်။

 

ကယ်လ်ဗင်နစ်ဇင်

 

ဒါကို ကျွန်တော်တို့သင်တန်းကို တာဝန်ယူထားတဲ့ အဲလ်ဘတ်ကို ပြောပြမိတယ်။ သူက ဘာသာရေးပြုပြင်ပြောင်းလဲရေးသမား ဂျွန်ကယ်လ်ဗင် (John Calvin: 1509-1564) ကြောင့်တဲ့။ ကယ်လ်ဗင်နစ်ဇင် (Calvinism)ကြောင့်တဲ့။ ဂျွန်ကယ်လ်ဗင်ဟာ ပရိုတက်စတင့်ကျောင်း တော်ကို အုတ်မြစ်ချပုံဖော်ပေးခဲ့သူတွေထဲမှာပါတယ်။ သူဟာ ဂျီနီဗာမှာ အနေများခဲ့ပြီး ဆွစ်ဇာလန်ရဲ့ ဒီမိုကရေစီ စနစ်အပေါ်သာမက ကျင့်ဝတ်ဆိုင်ရာ၊ ငွေကြေးဆိုင်ရာ တွေးခေါ်မြော်မြင်မှုတွေမှာပါ သူ့ရဲ့ သြဇာလွှမ်းမိုးမှုက ကြီးမားတယ်။

 

ဂျွန်ကယ်ဗင်ရဲ့ ဓနဥစ္စာနဲ့ပတ်သက်တဲ့ အယူအဆတစ်ရပ်က ငွေကြေးဓနဥစ္စာဆိုတာရှာဖွေ စုဆောင်းထိုက်တယ်။ တိုးပွားအောင် ကြံဆောင်ရမယ်။ ဒါပေမယ့် ဒါတွေကို ဂုဏ်ဒြပ်တစ်ခုအနေနဲ့၊ ဝါကြွားမှုတစ်ခုအနေနဲ့ ထုတ်ဖော်မပြသသင့်ဘူးတဲ့။ ဒီအယူအဆကြောင့် ဆွစ်လူမျိုးတွေဟာ ငွေကြေးဥစ္စာကို ရှာဖွေစုဆောင်းကြပေမယ့် အဲဒါတွေနဲ့ အိမ်အကောင်းစားတွေဝယ်မယ်၊ ကား အကောင်းစားကြီးတွေ စီးမယ်၊ အသုံးအဆောင်ပစ္စည်း အကောင်းစားတွေဝယ်ပြီး ဇိမ်ခံလိုက်မယ် ဆိုတာမျိုး မရှိကြဘူးတဲ့။ ဥပမာ ဆွစ်ဇာလန်ဟာ ဈေးကြီးပေ့ဆိုတဲ့ ကမ္ဘာကျော်နာရီအကောင်းစားတွေ ထုတ်ပေမယ့် အဲလို နာရီမျိုးတွေကို ဆွစ်လူမျိုးတွေက သိပ်ဝယ်ပတ်လေ့ မရှိကြဘူးတဲ့။ ငွေကြေး ဥစ္စာကိုရှာဖွေစုဆောင်းတယ်။ တိုးပွားအောင်လုပ်တယ်။ ဒါပေမယ့် အသုံးအစွဲ ခြိုးခြံချွေတာကြတယ်တဲ့။ တိုက်တာအဆောက်အအုံတွေဟာ ကြွားကြွားကြွကြွမရှိကြတာ ကယ်လ်ဗင်နစ်ဇင်ကြောင့်လည်းပါ သတဲ့။

           

ဆွစ်ဖက်ဒရယ်လစ်ဇင်

 

တစ်ရက် ကျွန်တော်တို့တတွေ ဗယ်လေကန်တုံ (Canton of Valais) ကအေယန်ဒေသကို အဲလ်ဘတ်နဲ့အတူ အလည်သွားကြတယ်။ ဗယ်လေဟာ အဲလ်ဘတ်ရဲ့ မွေးရပ်မြေလည်းဖြစ်တယ်။ လမ်းတလျှောက် သူက ဆွစ်ရဲ့ အာဏာခွဲဝေပုံစနစ်ကို အကျဉ်းပြောပြတယ်။ အခု ခရီးဟာလည်း လေ့လာရေးခရီးတစ်ခုဆိုလည်း မမှားဘူး။ ကျွန်တော်တို့ ဆွစ်ရဲ့ အခြေခံအကျဆုံးနိုင်ငံရေး ယူနစ် တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ သွားလေ့လာကြတာ။

 

ဆွစ်ဇာလန်ရဲ့ ဖက်ဒရယ်စနစ်မှာ အဆင့် သုံးဆင့် ရှိတယ်။ ပထမတစ်ခုက ကွန်မြူးအဆင့်၊ ဒုတိယက ကန်တုံအဆင့်နဲ့ တတိယက ဖက်ဒရယ်အဆင့်တို့ဖြစ်တယ်။ ဒါကြောင့် အေယန်ဒေသဟာ ဆွစ်ဖက်ဒရယ်စနစ်မှာ အခြေခံအကျဆုံး နိုင်ငံရေးယူနစ်တစ်ခုပေါ့။ ကွန်မြူးတွေစုလိုက်ရင် ကန်တုံတစ်ခုဖြစ်တယ်။ ဆွစ်ဇာလန်မှာ ကွန်မြူးပေါင်း ၂၃၀၀ ကျော်ရှိပြီး ကန်တုံပေါင်း ၂၆ ရှိတယ်။

 

တကယ်တမ်း နိုင်ငံရေးအာဏာကြီးမားတာကတော့ ကန်တုံတွေပဲဖြစ်တယ်။ ကန်တုံတွေဟာ အကျယ်အဝန်း၊ လူဦးရေအချိုးအစား အဆင့်အတန်းအားဖြင့် မတူကြပေမယ့်လည်း လုပ်ပိုင်ခွင့်က တန်းတူရည်တူပဲဖြစ်တယ်။ ကန်တုံးတိုင်းမှာ ကိုယ်ပိုင် အခြေခံဥပဒေ၊ အစိုးရ၊ ပါလီမန်၊ တရားရေး စတာတွေရှိတယ်။ ကန်တုံတွေ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေမှသာ ဖက်ဒရယ်အဆင့်ကို သွားတယ်။ ဥပမာ နိုင်ငံခြားရေးလို၊ ကာကွယ်ရေးလို ကိစ္စမျိုးတွေဖြစ်တယ်။

 

ကွန်မြူးတစ်ခုစီရဲ့ ပညာရေး၊ ကျန်းမာရေး သယ်ယူပို့ဆောင်ရေး၊ အခွန်အခကောက်ခံ စုဆောင်ရေး စတာတွေကို သက်ဆိုင်ရာ ကန်တုံတွေက တာဝန်ယူရတယ်။ ကွန်မြူးတွေကို သူတို့ ဒေသက ရွေးကောက်တင်မြှောက် ထားတဲ့ ဥက္ကဋ္ဌ (သို့) မြို့တော်ဝန် ဦးဆောင်တဲ့ အလုပ်အမှုဆောင်ကောင်စီက အုပ်ချုပ်ပြီး ဥပဒေပြုရေးကို ဒေသခံအားလုံး တက်ရောက်နိုင်တဲ့ အစည်းအဝေး ဒါမှမဟုတ် မြူနီစီပယ်ပါလီမန်မှာ ဆောင်ရွက်တယ်။ ဒါကို တိုက်ရိုက် ဒီမိုကရေစီလို့ ဆိုကြတယ်။

 

ဆွစ်ဇာလန်မှာ တကယ်တမ်းအာဏာရှိတာကလည်း၊ မဲဆန္ဒရှင်ပြည်သူတွေကိုယ်တိုင်ပါပဲ။ ဆိုပါစို့ ဥပဒေပြုတာ၊ အခြေခံဥပဒေပြင်ဆင်တာတွေဟာ ပါလီမန်အမတ်တွေ၊ ပါလီမန်က ရွေးကောက်တင်မြှောက်ထားတဲ့ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေရဲ့ တာဝန်ဖြစ်ပေမယ့် သာမာန် ပြည်သူတစ်ယောက်အနေနဲ့လည်း အဲဒါတွေလုပ်နိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း သတ်မှတ်ရက်မှာ သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် ကောက်ခံနိုင်ရင်ပေါ့။

 

ဒါပေမယ့် တစ်ဖက်ကကြည့်ပြန်ရင်လည်း ဥပဒေပြုဖို့၊ ပြင်ဆင်ဖို့ဆိုတာတွေက တကယ်တမ်းတော့ မလွယ်လှ ပါဘူး။ ဆွစ်ဇာလန်မှာက majority vote နဲ့ သွားတာမဟုတ်ဘဲ consensus နဲ့ သွားတာဖြစ်လို့ သက်ဆိုင်သူအားလုံး stakeholder သဘောတူမှ ပြင်ချင်တာပြင်လို့ ရမယ်။ ဒီတော့ majority ၊ minority ပြဿနာဆိုတာ ရှိမလာတော့ဘူး။ ဒါကြောင့်လည်း ဥပဒေတစ်ခု ပြုဖို့၊ ပြင်ဖို့ဆိုတာ နှစ်ချီကြာတယ်။ ပြုပြီး၊ ပြင်ပြီးသွားရင်လည်း အများသဘောတူမို့ ခိုင်မာမှုရှိတယ်။

 

အလှည့်ကျသမ္မတ

 

အဲလ်ဘတ်ပြောဖူးတယ် ဆွစ်ဇာလန်နိုင်ငံသားတွေကိုမင်းတို့သမ္မတက ဘယ်သူလဲလို့မေးရင် အများစုက မသိကြပါဘူးတဲ့။ ဘာလို့လဲဆို တစ်နှစ်တစ်ယောက်ပြောင်းနေလို့ပဲဖြစ် ပါတယ်။ ဖက်ဒရယ် အစည်းအဝေးကနေပြီး ခုနစ်ဦးပါ ဖက်ဒရယ်ကောင်စီကို လေးနှစ်သက်တမ်းနဲ့ရွေးတယ်။ ကျွန်တော်တို့ဆီမှာဆို အုပ်ချုပ်ရေးအာဏာရှိတဲ့ အစိုးရပေါ့။ အဲဒီ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေက တစ်နှစ်တစ်ယောက်စီ အလှည့်ကျသမ္မတနဲ့ ဒုသမ္မတလုပ်ရတယ်။ တစ်နည်းပြောရရင် အဆောင်အယောင် သမ္မတ(ceremonial president) ပေါ့။ “first among equals” အာဏာတူ၊ လုပ်ပိုင်ခွင့်တူထဲမှာမှ ပထမလူ ဆိုသလိုမျိုးပေါ့။ သမ္မတဖြစ်သွားတဲ့သူဟာ တခြားကောင်စီဝင်တွေထက် လုပ်ပိုင်ခွင့်အာဏာ ပိုရသွားတာ မဟုတ်ဘူး။ နိုင်ငံတော်ကို ကိုယ်စားပြုဖို့ဆို ကောင်စီဝင် ခုနစ်ဦးလုံး ရှေ့ထွက်ပြီးမျက်နှာပြနေရမှာစိုးလို့ အဆင် ပြေအောင် ကိုယ်စားလှယ်ရွေးထားတယ်လို့ယူရင် ရမယ် ထင်တယ်။

 

ဒီလို အစိုးရအဖွဲ့ဝင် အချင်းချင်းကြားမှာသာမက ပြည်သူတွေကြားမှာလည်း သမ္မတဟာ ထူးပြီးဦးစားပေး မခံရပါဘူး။ ကျွန်တော်တို့ကို Intercultural Awareness နဲ့ပတ်သက်လို့ သင်ကြားပို့ချပေးတဲ့ ဆရာမ ရေချယ်ကပြောဖူးတယ်။ သမ္မတလည်း အများပြည်သူသုံးတဲ့ ရထား စီးတယ်တဲ့။ သာမာန်ပြည်သူထဲက ပြည်သူပဲမို့ သူလို ကိုယ်လိုပါပဲတဲ့။ သတိထားမိသူတွေကတော့ အသိအမှတ် ပြုတဲ့သဘောနဲ့ ခေါင်းဆတ်ပြ၊ လက်မထောင် ပြရုံသာ လုပ်ကြသတဲ့

 

ဩဇေးတောင်ပေါ်က အဲဒီနေ့လယ်စာလေးကတော့ အမှတ်ရစရာပါ။ အဲလ်ဘတ်ရဲ့ အဆိုအရ သူ့ရဲ့ဇာတိမြေ ဗယ်လေကန်တုံရဲ့ နာမည်ကျော်ဝိုင်နဲ့ နာမည်ကျပ် အမဲသားကို စားဖူး လိုက်တာပါပဲ။ ကံမကောင်းတာကတော့ နှင်းမုန်တိုင်းတိုက်နေတာကြောင့် တောင်ရဲ့ ပတ်ဝန်းကျင် အလှအပကို မမြင်လိုက်ရဘူး။ နှင်းလျှောစီးကြည့်မယ်လို့ အားခဲထားတာလည်း အထမမြောက်တော့။ ဘယ်နေရာ ကြည့်ကြည့်နှင်းမှုံချည်းသာ။ ဘေးကလူပင် မမြင်ရချင်။

 

မိုင်းပတ်ချာလည်

 

ဒေယန်ဒေသကိုအလာ လမ်းဘေးက နှင်းဖုံးတောင်တန်းကြီးတွေကို မြင်တော့ ဖတ်ဖူးထားတာ သတိရမိတယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ပြည်ပကျူးကျော်ရန်ကနေ ကာကွယ်ဖို့ ဆွစ်နိုင်ငံအတွင်းမှာရှိတဲ့ ရေကန်၊ တံတား၊ မီးရထားလမ်း စတာတွေမှာ မိုင်းတွေထောင်ထားတယ်။ ရန်သူဝင်လာတာနဲ့ ဖောက်ခွဲပစ်မယ်ပေါ့။ ဒါနဲ့ အဲလ်ဘတ်ကိုမေးကြည့်တော့ ဟုတ်တယ်လို့ ဝန်ခံတယ်။ အဲဒီအချိန်က ဆွစ်ဗိုလ်ချုပ်က ပြည်ပကျူးကျော် ရန်ကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ဖို့စီမံခဲ့တယ်။ တောင် တွေမှာ လိုဏ်ခေါင်းတွေတူးပြီး လူနေအဆောက်အအုံ၊ ဆေးရုံ၊ စားနပ်ရိက္ခာ စတာတွေကို စီစဉ်ပြင်ဆင်ထားတယ်။ ခုအချိန်အထိ အဲလိုအစီအမံတွေရှိသေးလား ဆက်မမေး ဖြစ်တော့။ ဒါပေမယ့် ခုအချိန်အထိ လူတိုင်းစစ်မှုထမ်း ကြရတယ်။ စစ်မှုထမ်းသက်ပြည့်ရင် ကိုယ့်သေနတ်ကိုယ် သိမ်းထားနိုင်တယ်။ တစ်နှစ်တစ်ခါ သေနတ်ပစ်လေ့ကျင့် ကြတယ်။

 

ဆွစ်စစ်တပ်နဲ့ ပတ်သက်လို့ ဆန်းတာက ဘာသာစကားဖြစ်တယ်။ ဆွစ်ဇာလန်ရဲ့ တရားဝင် ဘာသာစကားက ဂျာမန်၊ ပြင်သစ်၊ အီတလီ နဲ့ ရိုမာချ် လေးမျိုးဖြစ်တယ်။ တပ်ထဲမှာတော့ အဓိကအားဖြင့် ဂျာမန်နဲ့ပြင်သစ်အသုံးများပြီး အီတလီလည်း သုံးတယ်။ စစ်တပ်ကို ပြင်သစ် စကားပြောဘက်ခြမ်းက ပြင်သစ်လိုခေါ်ပြီး ဂျာမန်၊ အီတလီနဲ့ ရိုမာ့ချ်စကားပြောဘက်ခြမ်းက သူတို့ဘာသာ စကားအသီးသီးနဲ့ခေါ်ကြတယ်။ ဒီတော့ စစ်တပ်တစ်ခုတည်းမှာ နာမည်က လေးမျိုးဖြစ်နေတယ်။ တပ်ကိုတော့ ဖက်ဒရယ်အစည်းအဝေးကသာ ဆင့်ခေါ်အသုံး ပြုနိုင်တယ်။

 

ဘမ်း

 

ဘမ်း(Bern)ဆိုတာ ဂျာမန်စကားကလာတယ်။ ဝက်ဝံလို့ အဓိပ္ပါယ်ရတယ်။ မုဆိုးတစ်ဦး အမဲ လိုက်ရင်းဝက်ဝံတစ်ကောင် ပထမဦးဆုံးရတဲ့နေရာကို ဘမ်းလို့အစွဲပြုခေါ်ရင်းက နောက်ပိုင်း ဘမ်းမြို့ဖြစ်လာတယ်လို့ဆိုတယ်။ ဒါကြောင့်ထင်တယ်ဘမ်းမှာ ဝက်ဝံနဲ့ပတ်သက်တဲ့ ရုပ်တု၊ အသုံးအဆောင်စတာတွေ နေရာအတော် များများမှာ တွေ့ရတယ်။

 

ဘမ်းကိုသွားတော့အဲလ်ဘတ်နဲ့အတူ လီယာပါလာတယ်။ သူက အသားညိုစိမ့်စိမ့်နဲ့ မြင်တဲ့သူတိုင်း ရင်းနှီးဖူးတယ်လို့ထင်မိစေတဲ့ ရုပ်ရည်မျိုးနဲ့ ပေါ်တူကီ အမျိုးသမီးဖြစ်တယ်။ သူဟာလည်း အဲလ်ဘတ်လိုပဲ ကျွန်တော်တို့ သင်တန်းအတွက် အုပ်ချုပ်မှုကိစ္စတွေ စီစဉ်ပေးပါတယ်။ သူနဲ့ပတ်သက်ပြီး မှတ်မိနေတာက ကျွန်တော်တို့နေ့လယ်စာ၊ ညစာ စားပွဲတွေမှာ ဝိုင်သောက်ကြချိန် သူကရေသောက်နေတာပါပဲ။ အနောက်တိုင်း အမျိုးသမီးတစ်ဦးက ဆွစ်ဇာလန်လိုနေရာမျိုးမှာ ဝိုင်မသောက်ဘဲနေတာ ထူးဆန်းနေတော့တယ်။

 

ဘမ်းကိုသွားတာဟာလည်း ဆွစ်နိုင်ငံရေးစနစ်ရဲ့ ဖက်ဒရယ်အဆင့်ကို လက်တွေ့သွား လေ့လာဖို့ပါပဲ။ ဒါပေမယ့် သင်တန်းပို့ချတာတချို့ရှိတယ်။ ပါမောက္ခ နီကိုလပ်စ် ရှမစ်ရဲ့ ပို့ချမှုကတော့ ဇဝနဉာဏ်ကြောင့် ပိုပိုစိတ်ဝင်စားမိ၊ ပိုမှတ်မိနေတယ်။ တခြားအကြောင်းတွေလည်း ဆွေးနွေးဖြစ်တာလည်းပါမယ် ထင်တယ်။ ဥပမာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အရေးလိုဟာမျိုး၊ သူတို့ပညာရှင်တွေ အမြင်ကတော့ လူသားတွေရေကြည် ရာမြက်နုရာ ပြောင်းရွှေ့ အခြေချကြတယ်ဆိုတာ သမိုင်းမတင်ခင် ကတည်းကရှိနေတယ်။ ဒါဟာ ခုမှဖြစ်လာတာ မဟုတ်ဘူး။ ပြဿနာလည်း မဟုတ်ဘူး။ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပဲ လိုတယ်တဲ့။ ဂျီနီဗာမှာဆိုရင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ  ရှိတယ်။ သူတို့ကလေးတွေဟာလည်း ဆွစ်ကျောင်းတွေမှာ ပညာသင်ခွင့်ရကြတယ်။ ဒါပေမယ့် ဆွစ်ဇာလန်လို နိုင်ငံ မျိုးမှာတောင် နိုင်ငံသားဖြစ်ခွင့်ကျတော့ အခက်အခဲတွေ အများကြီးရှိနေပြန်တယ်။

 

ဘမ်းကအပြန်ခွေးတစ်ကောင်ဆွဲပြီး လမ်းလျှောက်ထွက်သူတစ်ယောက်က ခွေးမစင်စွန့်တော့ ဘောင်းဘီထဲက အိတ်တစ်လုံးထုတ်ပြီး ကောက်ကြုံနေတာ တွေ့လိုက်ရတယ်။ အမြင်ဆန်းနေတော့တယ်။ ဆွစ်ဇာလန်မှာ တိရစ္ဆာန်တစ်ကောင်ထဲမွေးထားရင် အဲဒီတိရစ္ဆာန်ကို အထီးကျန် အဖော်မဲ့အောင် လုပ်တဲ့အတွက် တိရစ္ဆာန် ဥပဒေ (Animal Law)နဲ့ အရေးယူခံရနိုင်သတဲ့။

 

နေ့အလင်းရောင်စုဆောင်းချိန် ကျွန်တော် ဂျီနီဗာကန်ကို မျက်နှာမူထိုင်ပြီး တောင်တွေးမြောက်တွေနဲ့ အတွေးထဲမြောနေလိုက်တာ အချိန်ကုန်လို့ ကုန်မှန်းပင်မသိလိုက်။ လက်ကနာရီကိုကြည့် လိုက်မှည ၈ နာရီခန့်ရှိပြီ။ ဒါပေမယ့်အလင်းရောင်ကတော့ ရှိနေသေးတယ်။ ခုရာသီမှာ နေဝင်တာနောက်ကျတယ်။ ၉ နာရီဝန်းကျင်လောက်မှ အမှောင်ဝင်တယ်။ နွေဦး ဝင်လာပြီဆို ဆွစ်ဇာလန်မှာ နာရီတွေကို စံသတ်မှတ်ထားတဲ့ စံတော်ချိန်ထက် နောက်ကို တစ်နာရီဆုတ်ကြရတယ်။

နေဝင်၊ နေထွက်ချိန်ဟာ ပုံမှန်အချိန်တွေထက် နွေရာသီမှာ ပိုပြီးနောက်ကျတဲ့အတွက်ကြောင့်ဖြစ်တယ်။ အဲလို တစ်နာရီ နောက်ဆုတ်တာဟာ နေဝင်     နေထွက်ချိန်နဲ့ လိုက်ညှိယူတဲ့ သဘောဖြစ်တယ်။ ဆောင်းတွင်းပြန်ဝင်ရင် တစ်နာရီ ရှေ့ပြန်တိုးကြရပြန်တယ်။ ဒါကို Daylight Saving(s) Time (SDT) လိုခေါ်တယ်။ အမေရိကန် နိုင်ငံရေးသမားနဲ့ တီထွင်ပညာရှင် ဘန်ဂျမင်ဖရန်ကလင် (Benjamin Franklin) က စတယ်လို့မှတ်ဖူးတယ်။

 

ဂျီနီယာကန်ရေပြင်ပေါ်မှာ ပျံဝဲနေကြတဲ့ ငှက်တွေ မတွေ့ရတော့ဘူး။ ဟိုဖက်ကမ်းက အဆောက်အအုံတွေမှာတောင် မီးရောင်တလက်လက်မြင်နေရပြီ။ ကန်ဘေးမှာလည်း လမ်းလျှောက်တဲ့သူတွေ ပါးသွားပြီ။ ဒါနဲ့ ကျွန်တော်လည်း ကန်ရေပြင်နဲ့ တောင်ခိုးနဲ့ တိမ်၊ ရောယှက်လိမ်နေတဲ့ ဂျူရယ်တောင်တန်းကြီးကို တစ်ချက်နှုတ်ဆက်ကြည့်ရင်း ဟိုတယ်ကို ပြန်ခဲ့တော့တယ်။ ။

 

မြန်မာ့အလင်း