ကျွန်တော်၊ IPU နှင့် နှစ် ၁၃၀

ဇော်ငြိမ်းဦး (MPA)


နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) သည် ၃၀-၆-၂၀၁၉ ရက်နေ့တွင် နှစ်ပေါင်း (၁၃၀) ပြည့်ခဲ့ပြီဖြစ်သည်။ ၁၈၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့သည် လွှတ်တော်အမတ်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ရာမှ ယခုအခါတွင် နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှ လွှတ်တော်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၁၈၈၈ ခုနှစ်တွင် အင်္ဂလန်လွှတ်တော်အမတ် ဝီလျံရန်ဂယ်နှင့် ပြင်သစ်လွှတ်တော်အမတ် ဖရက်ဒရစ်ပါစေတို့ ပထမဆုံးအကြိမ် တွေ့ဆုံဉာဏ်ကွန့်မြူးခဲ့ကြပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ ပထမအကြိမ်ညီလာခံအား ၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ ဟိုတယ်ကွန်တီနယ်တယ်၌ ကျင်းပခဲ့ရာ နိုင်ငံ ၉ နိုင်ငံ တက်ရောက်ခဲ့ပါသည်။ 

ပြင်သစ်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် ၅၅ ဦး၊အင်္ဂလန်မှ ၂၈ ဦး၊ အီတလီမှ ငါးဦးနှင့် ဘယ်လ်ဂျီယံ၊ စပိန်၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ အမေရိကန်၊ လိုက်ဘေးရီးယားနိုင်ငံတို့မှတစ်ဦးစီ တက်ရောက်ခဲ့ကြသည်။ ၁၉၂၀-၁၉၂၈ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၀ အဖွဲ့ဝင်ဖြစ်လာခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း စစ်အေးတိုက်ပွဲအပြီးတွင် အဖွဲ့ဝင်နိုင်ငံပိုမိုများပြားလာခဲ့ပါသည်။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှစ်(၁၃၀)ပြည့်အထိမ်းအမှတ်ကို နိုင်ငံတကာပါလီမန်များစနစ်ဆိုင်ရာ နေ့ (International Day of Parliamentarism) နေ့တွင်ကျင်းပခဲ့ကြသည်။ မိမိတို့နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားရှိကာ IPU က ကြီးကြပ်၍ ဆောင်ရွက်လေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ ပါလီမန်ညီလာခံတစ်ခုဖြစ်သည့် (World e-Parliament Conference) ကို ပြန်လည်အမှတ်ရ ရေးသားအပ်ပါသည်။

IPU နိုင်ငံတကာပါလီမန်များအဖွဲ့က စီစဉ်ကြီးကြပ်၍ World e-Parliament Conference ကို နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပသည်။ ၂၀၁၄ ခုနှစ် World e-Parliament Conference ကို ဆိုးလ်မြို့ရှိ National Assembly of the Republic of Korea ၌ IPUနှင့် ပူးပေါင်း၍ ကျင်းပခဲ့ပြီး တောင်အမေရိကတိုက် ချီလီနိုင်ငံ Chamber of Deputies of Chile နှင့် IPU တို့ ပူးပေါင်း၍ ၂၈-၆-၂၀၁၆မှ ၃၀-၆-၂၀၁၆ အထိ ချီလီနိုင်ငံ Valpariso မြို့ ၌ ကျင်းပခဲ့သည်။ မိမိနှင့် IPU မှ ဝန်ထမ်းတစ်ဦး တက်ရောက်ရန် အခွင့်အရေးရခဲ့သည်။ 

ချီလီနိုင်ငံ


မိမိတို့နိုင်ငံမှ လေယာဉ်ခရီးစဉ်ဖြင့် အသွားသုံးရက်အပြန် သုံးရက်ကြာမြင့်သော ချီလီနိုင်ငံသည် တောင်အမေရိကတိုက်၏ အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် ပစိဖိတ်သမုဒ္ဒရာနှင့် အင်န်ဒီးစ်တောင်တန်းတို့ကြား တည်ရှိသည့် ရှည်လျားကျဉ်းမြောင်းသည့် နိုင်ငံဖြစ်သည်။ ချီလီသမ္မတနိုင်ငံတော်ဟု ခေါ်တွင်သည်။ တောင်အမေရိကတိုက်၏ အနောက်ဘက်ကမ်းရိုးတန်းနိုင်ငံ၊ ရာသီဥတုအားဖြင့် လည်းကောင်း၊ မြေမျက်နှာသွင်ပြင်အားဖြင့် လည်းကောင်း၊ ထွက်ကုန်ပစ္စည်းအားဖြင့်လည်းကောင်း၊ နိုင်ငံအတွင်း တစ်နေရာနှင့် တစ်နေရာခြားနားလှသည်မှာ ချီလီနိုင်ငံပင်ဖြစ်သည်။ အချို့ မြို့ ကြီးများသည် နယူးယောက်မြို့တမျှ ခေတ်မီခမ်းနားလှသော်လည်း အချို့ဒေသများကိုမူ ယခုတိုင် လူသူမရောက်ကြရသေးပေ။

ချီလီနိုင်ငံတွင် GMT minus (Greenwich Mean Time, Time zone Abbreviation) တွင်ရှိသဖြင့် အာရှတိုက်ရှိ မိမိတို့နိုင်ငံမှသွားလျှင် အချိန်တစ်ရက်လျော့သွားသောနိုင်ငံ၊ ကြေးနီသတ္တုသိုက်များဖြင့် ပေါကြွယ်ဝသာ ကမ္ဘာ့ဒုတိယကြေးနီအများဆုံး ထွက်သောနိုင်ငံ၊ မြောက်ဖျားတွင် အာတားကားမားကန္တာရနှင့် တောင်ဘက်တွင် ရေခဲတောင်များရှိနေသောနိုင်ငံ၊ အဖြေရှာမရသေးသော ကျောက်ရုပ်တုကြီးများဖြင့် စိတ်ဝင်စားခံရသော Esteer Island ရှိသောနိုင်ငံ၊ ရပ်ကွက်များတွင်ပင် ဘောလုံးကွင်းများ ဖန်တီးပေးထားသဖြင့် ကိုပါဖလားချန်ပီယံ၊ လက်တင်အမေရိကဘောလုံးအင်အားကြီးနိုင်ငံ၊ ကြေးနီသတ္တုမိုင်းပြိုကျမှုတွင် မိုင်းလုပ်သားများကို ကယ်တင်ရာမှ ဟောလိဝုဒ်အတွက်ရုပ်ရှင်တစ်ကား မွေးထုတ်ပေးခဲ့သည့်နိုင်ငံ၊ စပိန်ကိုလိုနီဖြစ်ခဲ့ဖူးပြီး စပိန်စကားပြောသည့်နိုင်ငံ၊ (ချီလီနိုင်ငံသည် စပိန်တို့လက်အောက်၌ နှစ်ပေါင်း ၃၀ဝ ကျော်နေခဲ့ပြီးနောက် ၁၈၁၈ ခုနှစ်တွင် ကျွန်ဘဝမှ လွတ်မြောက်ခဲ့သည်။) မကြာခဏ ငလျင်သဘာဝဘေးဒဏ်များရှိသော်လည်း မီးသတ်တပ်ဖွဲ့သည် လခစားဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ စေတနာ့ဝန်ထမ်းများအဖြစ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်နေသော တပ်မအဆင့်အထိ ဖွဲ့စည်းထားပြီး လွှတ်တော်တွင်လည်း မီးသတ်တပ်ဖွဲ့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးထားသည့်နိုင်ငံ။ (ထိုနိုင်ငံသည် ၁၉၇၃ မှ ၁၉၈၉ အထိစစ်အစိုးရအုပ်ချုပ်ဖူးသည်။)

၄-၇-၁၈၁၁ ရက်နေ့မှ စတင်၍ ချီလီပါလီမန်ကို ချီလီနိုင်ငံမြို့တော် စန်တီယာဂို၌ တည်ထောင်ခဲ့ပြီး အောက်လွှတ်တော်အမတ် ၁၂၀၊ အထက်လွှတ်တော်အမတ် ၃၈ ဦးရှိသည်။ ၁၉၂၅ ခုနှစ်တွင် ပြဋ္ဌာန်းအတည်ပြုသော အုပ်ချုပ်ရေးဥပဒေအရ နိုင်ငံတော်သမ္မတကို ခြောက်နှစ်လျှင်တစ်ကြိမ် ပြည်သူတို့မှ တိုက်ရိုက်ရွေးကောက်တင်မြှောက်ရ၏။ အထက်လွှတ်တော်အမတ်များ၏ သက်တမ်းမှာ ရှစ်နှစ်ဖြစ်၍ အောက်လွှတ်တော်အမတ်များ၏ သက်တမ်းမှာ လေးနှစ်ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အတည်ပြုလိုက်သော ဥပဒေအရ အသက် ၂၁ နှစ်ပြည့်၍ စာရေး၊ စာဖတ်နိုင်သော၊ နိုင်ငံသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသော ချီလီနိုင်ငံ၌ ကွန်ဖရင့်ကို တက်ရောက်ခွင့်ရခဲ့သည်။ 

စည်ကားခဲ့သော ဆိပ်ကမ်းမြို့၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ပီနိုချေးစစ်အစိုးရက ပါလီမန်အားဖျက်သိမ်းခဲ့ပြီး ပီနိုချေး၏ စစ်အစိုးရနောက်ဆုံးနှစ်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ်တွင် မြို့တော်စန်တီယာဂို၏ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာရှိ Valpariso ဆိပ်ကမ်းမြို့သို့ ပါလီမန်အား ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ Valpariso  သည် တစ်ချိန်က နိုင်ငံခြားကုန်သည်တို့ဖြင့် အလွန်စည်ကားခဲ့သော ဆိပ်ကမ်းမြို့ ဖြစ်သည်။ အထူးသဖြင့် အင်္ဂလန်၊ဂျာမန်၊ မဟာမေဒင်ကုန်သည်တို့ဖြင့် စည်ကားခဲ့သောမြို့အင်္ဂလန်မှ ရွက်လွှင့်လာရာတွင် ရေယာဉ်တည်ငြိမ်ရေးအတွက် အင်္ဂလန်မှ ကျောက်တုံးအနက်များကို ရေယာဉ်ဝမ်းဗိုက်တွင် သယ်လာပြီး Valpariso တွင် လမ်းခင်းကျောက်များအဖြစ် အသုံးချခဲ့ရာ Valpariso ကမ်းနားလမ်းများတွင် အနက်ရောင်ကျောက်တုံးများ ယခုတိုင်ရှိနေဆဲဖြစ်သည်။ ယင်း ကျောက်တုံးများသည် မိမိတို့ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးတွင် ခင်းထားသည့် ကျောက်တုံးများနှင့်တူသည်။ ပနားမားတူးမြောင်း ဖောက်လုပ် ပြီးသည့်နှစ်မှစ၍ Valpariso ၏ စည်ကားမှု လျော့နည်းလာခဲ့သည်။ တောင်အမေရိကပုလဲနက်ဟု တင်စားခဲ့ရသည့်မြို့Valpariso ၌ ၁၈၈၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရှေးဟောင်းအိမ်များ၊ အဆောက်အအုံများရှိသဖြင့် UNESCO က ၂၀ဝ၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတွင် သတ်မှတ်ခြင်းခံထားရသည့် နေရာတစ်ခုဖြစ်ပါသည်။

ကျင်းပခြင်းရည်ရွယ်ချက်
World e-Parliament Conference အား ချီလီနိုင်ငံ Valpariso မြို့ရှိ အောက်လွှတ်တော်၌ ၂၈-၆-၂၀၁၆ ရက်နေ့မှ ၃၀-၆-၂၀၁၆ ရက်နေ့အထိကျင်းပခဲ့သည်။ World e-Parliament Conference  Report 2016  အား ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ အဖြေရှာခြင်းတို့ကို အဓိကပြုလုပ်ရန်အတွက် Conference အား ပြုလုပ်ခြင်း ဖြစ်ပါသည်။ အဆိုပါ Conference ကျင်းပနေစဉ်အတွင်း မူဝါဒရေးရာနှင့် နည်းပညာပိုင်းဆိုင်ရာများအား တက်ရောက်လာသည့် ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံများကို ဖလှယ်နိုင်ရန်နှင့် ICT ဖြင့် လွှတ်တော်၏ ကိုယ်စားပြုမှု၊ ဥပဒေပြုမှုနှင့် စောင့်ကြည့်ခြင်း (Parliamentary Oversight) တို့အား မည်ကဲ့သို့ အထောက်အပံ့ပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေး၍ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၌ ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊တာဝန်ခံမှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
မူဝါဒရေးရာကဏ္ဍအား ချီလီပါလီ မန်ခန်းမကြီးတွင်လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုအား ချီလီအောက်လွှတ်တော် အစည်းအဝေးခန်းမကြီး၌လည်းကောင်း သီးခြားစီခွဲ၍ တစ်ပြိုင်တည်းကျင်းပသည်။ ညီလာခံသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ လွှတ်တော်အမတ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ပြင်ပလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံတွင် အင်္ဂလိပ်၊ စပိန်၊ ပြင်သစ် ဘာသာစကားများ အသုံးပြုခဲ့ကြပါသည်။ ညီလာခံကျင်းပသည့် သုံးရက်အတွင်း မျက်နှာစုံညီဆွေးနွေးခြင်းများနှင့် သတ်မှတ်ထားသည့် မူဘောင်အတွင်း ဆွေးနွေးခြင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာအသုံးချမှုတို့အားသရုပ်ပြ ဆောင်ရွက်ခဲ့ကြပါသည်။ ကျား/မ လူဦးရေအချိုးအနေဖြင့် အမျိုးသမီး ၂၇ ရာခိုင်နှုန်းနှင့် အမျိုးသား ၇၃ ရာခိုင်နှုန်း တက်ရောက်ခဲ့ကြပါသည်။

ဘရားဇီးနိုင်ငံလွှတ်တော်မှ Staff of the hacker lab က စီစဉ်ဆောင်ရွက်၍ Hackathon (အပြည်ပြည်ဆိုင်ရာ ပါလီမန်မှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးတကြွ်ကစွာလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ၊ ကျောင်းသား/ကျောင်းသူများက  World e-Parliament Conference  တွင် အွန်လိုင်းဖြင့် ဆွေးနွေးခြင်း၊ အမေးအဖြေပြုလုပ်ခြင်းများ ဆောင်ရွက်ကြသော အစီအစဉ်) အနေဖြင့် ပြည်သူလူထုအား Application များကို ပိုမိုအသုံးပြုနိုင်စေရန်နှင့် အာဂျင်တီးနား၊ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ပြင်သစ်၊ အီတလီ၊ ပီရူး၊ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့မှ လူ ၄၀ ကျော်ပါဝင်၍ အွန်လိုင်းဖြင့် အမေးအဖြေပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ 

ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်

၂၈-၆-၂၀၁၆ ရက်နေ့တွင် (နံနက် ၈ နာရီမှ ၉ နာရီအထိ) တက်ရောက်လာသူများအား ဝင်ခွင့်ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ နံနက် ၉ နာရီခွဲမှ ၁၀ နာရီအတွင်း အခမ်းအနားဖွင့်လှစ်သည့် အစီအစဉ်အား ပြုလုပ်ခဲ့ပြီး ချီလီနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ  Mr. Osvaldo Andrade နှင့် IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပါသည်။ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း World e-Parliament Conference  Report 2016 အား ရေးသားပြုစုသူ Mr. Andy Williamson က ၎င်းရေးသားပြုစုသည့်  Report နှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။ မူဝါဒရေးရာဆွေးနွေးခြင်းကဏ္ဍ၌ အခမ်းအနားမှူးအဖြစ် ချီလီနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ  Mr. Ramon Farias က ဆောင်ရွက်ပြီး ပါကစ္စတန်အထက်လွှတ်တော်အမတ်  Mr. Musgagidullah ၊ စပိန်နိုင်ငံအောက်လွှတ်တော်မှ ICT ညွှန်ကြားရေးမှူး Mr.Javierde Andre Blasco ၊ အာဂျင်တီးနားနိုင်ငံလွှတ်တော်မှ ညွှန်ကြားရေးမှူး  Ms. Maria Baron တို့က World e-Parliament Conference  Report နှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နည်းပညာကဏ္ဍ၌ ပါလီမန်များ ရင်ဆိုင်နေရသော နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းရန်နည်းလမ်းများနှင့် မဟာဗျူဟာရည်မှန်းချက်များ ချမှတ်နိုင်ရေးတို့နှင့် ပတ်သက်၍ အခမ်းအနားမှူးအဖြစ် ကနေဒါနိုင်ငံပါလီမန်မှ နည်းပညာအရာရှိချုပ်  Mr. Soufiane Ben Mousssa က ဆောင်ရွက်သည်။ အင်္ဂလန်နိုင်ငံ Parliamentary digital Service မှ ညွှန်ကြားရေးမှူး  Mr. Rob Greig  နှင့် စာရေးသူနှင့် IPU ဝန်ထမ်းတို့က မြန်မာပါလီမန်ဆက်သွယ် ရေးသတင်းနည်းပညာ မဟာဗျူဟာစီမံချက်အား ဆွေးနွေးခဲ့ပြီး မိမိတို့၏ ဆွေးနွေးမှုအား ဘိုလီဗီးယားနိုင်ငံလွှတ်တော်အမတ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ICT ညွှန်ကြားရေးမှူးများက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးရေးဆောင်ရွက်မှုအခြေအနေနှင့် ပြည်သူလူထုတို့မှ စိတ်ဝင်စားမှုအခြေအနေ၊ ပါလီမန်စနစ်တို့နှင့် ပတ်သက်၍ မေးမြန်းမှုတို့အား ကောင်းမွန်စွာ ပြန်လည်ဖြေကြားခဲ့ကြပါသည်။

ကင်ညာပါလီမန်မှ ICT အရာရှိချုပ် Mr. Owino Harrison က ICT Strategic Planning အား ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ပထမနေ့ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် မူဝါဒရေးရာကဏ္ဍ၌ e-Parliament ၏ ယနေ့ ရည်မှန်းချက် ပန်းတိုင်ခေါင်းစဉ်ဖြင့် မော်စကိုနိုင်ငံ အောက်လွှတ်တော်က အထွေထွေအတွင်းရေးမှူးချုပ်  Mr. Najb ET Khadi က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တောင်အာဖရိကနိုင်ငံမှ လွှတ်တော်အမတ် Mr. Cedric Frolick နှင့်ပြင်သစ်နိုင်ငံမှ လွှတ်တော်အမတ် Mr. Patrice Martin- Lalanda တို့က ဆွေးနွေးခဲ့ကြပါသည်။ နည်းပညာကဏ္ဍ၌ ပါလီမန်၏ အဓိကလုပ်ငန်းများဖြစ်သည့် ဥပဒေပြုရေး၊ ကိုယ်စားပြုမှုနှင့် စောင့်ကြည့်ခြင်းတို့အား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေပြုရေးဆိုင်ရာ အချက်အလက်များ ထိန်းသိမ်းခြင်းတို့တွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုနိုင်ရေး ဆွေးနွေးခြင်း၌ အခမ်းအနားမှူးအဖြစ် အီတလီနိုင်ငံအထက် လွှတ်တော်မှ သတင်းအချက်အလက်စနစ် ဖွံ့ ဖြိုးတိုးတက်ရေးဌာနအကြီးအကဲ  Mr. Carto Marchetti က ဆောင်ရွက်ခဲ့ပါသည်။

လူထုနှင့် တိုက်ရိုက်ဆက်သွယ်ထိတွေ့နိုင်သည့် အခြေခံလမ်းကြောင်းတစ်ခု

၂၉-၆-၂၀၁၆ ရက်နေ့တွင် နည်းပညာကဏ္ဍ၌ လတ်တလော ဖြစ်ပေါ်တိုးတက်နေသည့် ပါလီမန် ဝက်ဘ်ဆိုက်များသည် လူထုနှင့် တိုက်ရိုက်ဆက်သွယ်ထိတွေ့နိုင်သည့် အခြေခံလမ်းကြောင်း တစ်ခုဖြစ်လာပြီး ယနေ့ကာလတွင် မိုဘိုင်းဖုန်းများ တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုနိုင်ခြင်း၊ လူမှုကွန်ရက်များနှင့် ဆက်သွယ်ရေးလှိုင်းနှုန်းများ စွမ်းဆောင်ရည်တိုးတက်လာခြင်း၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ Data ဖိုင်များ ပိုမိုလျင်မြန်စွာ လွှဲပြောင်းပေးပို့လာနိုင်ခြင်းစသည့် အရင်းအမြစ်များအား အသုံးပြု၍ ပါလီမန်များ၏ ဝက်ဘ်ဆိုက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းနှင့် မူဝါဒရေးရာကဏ္ဍတွင် လွှတ်တော်၏ ဥပဒေပြုရေးကဏ္ဍ၌ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတည်ဆောက်ခြင်းခေါင်းစဉ်အား ဆွေးနွေးခဲ့ကြပါသည်။
နည်းပညာကဏ္ဍ၌လက်ရှိကာလတွင် ဆိုက်ဘာလုံခြုံရေးသည် ပိုမိုအရေးကြီးလာသည်။ လွှတ်တော်များ (ပါလီမန်များ)အနေဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ခေါင်းစဉ်အား ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နှင့် ပြည်သူလူထု ပိုမိုချိတ်ဆက်နိုင်ရေးနည်းလမ်းများအား ဆွေးနွေးခြင်းအစီအစဉ်ကို အင်္ဂလန်နိုင်ငံပါလီမန်မှ ညွှန်ကြားရေးမှူး  Ms, Emma Allen က ဆောင်ရွက်ပြီး တောင်ကိုရီးယားနိုင်ငံပါလီမန်မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်  Mr. Dae- Hyun Kim၊ My Society မှ သုတေသနအကြီးအကဲ Ms. Rebeca Rumbul နှင့် UNICEF Global Innovation Center မှ Ms. Maria Luisa Satomay တို့က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
၃၀-၆-၂၀၁၆ရက်နေ့တွင် နည်းပညာကဏ္ဍ၌ အုပ်စုများခွဲ၍ ဆွေးနွေးခြင်း၊ မိမိ်တို့၏ ပါလီမန်အတွက် အရေးကြီးသည့် အကြောင်းအရာများအား အဖွဲ့ ခြောက်ဖွဲ့ခွဲ၍ ဆွေးနွေးကြပါသည်။ အင်္ဂလိပ်ဘာသာစကားအား အဓိကဘာသာစကား အဖြစ်အသုံးပြု၍ ပြင်သစ်၊ စပိန်ဘာသာစကားတို့ဖြင့် ဘာသာပြန်ဆို၍ အထောက်အကူပြုခြင်း ဆောင်ရွက်ပါသည်။
မူဝါဒရေးရာကဏ္ဍ၌ ဥပဒေပြုရေးမဏ္ဍိုင် ပွင့်လင်းမြင်သာရေး၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်နိုင်ရေး၊ လူမှုအဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။
 
မိမိတို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် Mr. Osvaldo Andrade၊ IPU အတွင်းရေးမှူးတို့နှင့်အတူ ချီလီပါလီမန် ထမင်းစားဆောင်၌ နေ့လယ်စာ အတူစားသောက်ရင်း မိမိတို့နိုင်ငံ ပါလီမန်၏ ပွင့်လင်းမြင်သာမှု၊ ဥပဒေပြုရေးအခန်းကဏ္ဍ၊ ပြည်သူများပူးပေါင်းပါဝင်မှု၊ ချီလီပါလီမန်၌  ICT ဆိုင်ရာ လေ့လာရေးဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။နေ့လယ်ပိုင်းတွင် တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ပါသည်။
၃၀-၆-၂၀၁၆ ရက်နေ့ ညနေပိုင်းတွင်  World e-Parliament Conference  Report 2016 ရေးသားသူ  Mr. Andy Williamson နှင့် Hackathon မှ Mr.Cristiano Ferri Soaresde Faia တို့ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ညနေ ၃ နာရီခွဲမှ ၄ နာရီအထိ အခမ်းအနားပိတ်ပွဲနှင့် နိဂုံးချုပ်အမှာစကား ပြောကြားခြင်းအား ချီလီနိုင်ငံ လွှတ်တော်အမတ် Mr. Ramo Farias နှင့် IPU အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong တို့က ပြောကြားခဲ့ကြပါသည်။


မိမိတို့နိုင်ငံကဲ့သို့ ဒီမိုကရေစီဖွံ့ ဖြိုးစနိုင်ငံပါလီမန်များအနေဖြင့် World e-Parliament Conference  Report 2016 ကဲ့သို့သော အပြည်ပြည်ဆိုင်ရာညီလာခံများသို့ တက်ရောက်ဆွေးနွေးခြင်းဖြင့် ဖွံ့ ဖြိုးပြီးနိုင်ငံများ၏ ICT ဆိုင်ရာအတွေ့အကြုံများ၊ ပညာရပ်ဆိုင်ရာများ၊ ကမ္ဘာလုံးဆိုင်ရာ Network များရရှိနိုင်ခဲ့ပြီး အခြားလွတ်လပ်သောအဖွဲ့အစည်းများဖြစ်သည့် ကနေဒါနိုင်ငံ  Irosoft ၊ အင်္ဂလန်နိုင်ငံအခြေစိုက် British Group,U Report၊ ဂျော်ဂျီယာနိုင်ငံအခြေစိုက် Institute for Development of Freedom of Information တို့နှင့် ချိတ်ဆက်နိုင်ခဲ့ပါသည်။


အထူးသဖြင့် အခြားသောပါလီမန်များ၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ပြီး နိုင်ငံရေးအသိပညာပေးဆောင်ရွက်နေမှု၊ ဥပဒေပြုရေးကဏ္ဍ၌ ပြည်သူများ ပိုမိုပါဝင်အောင် လွှတ်တော် ICT အခန်းကဏ္ဍအနေဖြင့် ဆောင်ရွက်နေမှုတို့ကို သိရှိခဲ့ရကာနိုင်ငံတကာ ပါလီမန်များအဖွဲ့၏ စီမံဆောင်ရွက်နေသည့် Cyber Security, Mobile Devices Security တို့ကိုလည်း သိရှိလေ့လာခဲ့ရပါသည်။ ၎င်းအပြင် အခြားပါလီမန်များ၌ အသုံးပြုနေသော  Cloud Computing ကဲ့သို့သော နည်းပညာများကို လေ့လာခွင့်ရရှိခဲ့ပြီး ဗဟုသုတနည်းပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိခဲ့ပါသည်။ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ၏ ထီးရိပ်အောက်တွင် World e-Parliament Conference  Report 2016  နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ ပထမအကြိမ် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည့် ကွန်ဖရင့်နှင့် တက်ရောက်ခဲ့သည့် နိုင်ငံ၊ တက်ရောက်သူဦးရေ၊ နည်းပညာအသုံးပြုနိုင်မှု၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များလည်း ပြောင်းလဲလာခဲ့ပြီး တိုးတက်လာသည့် နည်းပညာအထောက်အပံ့များ နှင့်အတူ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) သည် နှစ်ပေါင်း ၁၃၀ ပြည့်ခဲ့ပြီးဖြစ်ပါသည်။ ။