ကန်တော်ကြီး သဘာဝဥယျာဉ် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အတူယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ကန်တော်ကြီးသဘာဝဥယျာဉ်သို့သွားရောက်၍ ကန်တော်ကြီးရေပြင် သန့်ရှင်းရေးအတွက် ရေမှော်များ၊ဒိုက်များ၊ ကြာများနှင့်အမှိုက်များအား AQUAMARINE-2 စက်ဖြင့် ဆယ်ယူရှင်း လင်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ဆယ်ယူရှင်းလင်းသည့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့်ကန်တော်ကြီးရေပြင် ကြည်လင် သန့်ရှင်းရေးအလေးထားဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီး သဘာဝဥယျာဉ် ဗိုလ်ချုပ်ပန်းခြံရှိ UTOPIA Tower အဆောက်အဦအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အဆောက်အဦကို မူလလက်ရာမပျက် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီပြုပြင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီးသဘာဝဥယျာဉ်ရှိ နံနက်ခင်း ကျန်းမာရေးအားကစား လေ့ကျင့်ခန်းပြုလုပ်သည့် ဘဲဥပုံသဏ္ဌန်တံတားသို့သွားရောက်၍ ဆွေးမြေ့နေသည့်တံတား ကြမ်းခင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကန်တော်ကြီး သဘာဝ ဥယျာဉ်အတွင်း HAPPY FRIDAY (ကန်တော်ကြီး)အဖွဲ့မှ (စတုတ္ထအကြိမ်) ကန်တော်ကြီး စည်ပင်ဝန်ထမ်းများနှစ်သစ်ကူးအလှူငွေနှင့် ပစ္စည်းများပေးအပ်ပွဲသို့ သွားရောက်ကြည့်ရှု အားပေးသည်။ HAPPY FRIDAY (ကန်တော်ကြီး)အဖွဲ့မှ စည်ပင်ဝန်ထမ်း ၁၀၀ အတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများပေးအပ်လှူဒါန်းကြောင်း သိရသည်။

သတင်းစဉ်