ကျွန်တော်နဲ့ အများပိုင်ကုမ္ပဏီများ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

 

လွန်ခဲ့တဲ့ တနင်္ဂနွေမှာ ကျွန်တော်အများပိုင်ကုမ္ပဏီနှစ်ခုရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွေကို တက်ရောက်ခဲ့တယ်။ ပထမအစည်းအဝေးက ဗြတပည့်တွေဖွဲ့စည်းထားတဲ့ ဗြှအများပိုင်ကုမ္ပဏီအတွက် မနက်ပိုင်းမှာ ကျင်းပတာ။ နေ့လယ်မှာတော့ နာမည်ကြီးသီလဝါအများပိုင်ကုမ္ပဏီရဲ့ (၆)ကြိမ်မြောက်အစည်းအဝေး။ တိုက်တိုက်ဆိုင်ဆိုင် အခုလိုတက်ခွင့်ရခဲ့တာ။

 

 

မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီတွေက အလွန် ခေတ်စားလာခဲ့တယ်။ နေရာတိုင်းမှာ တည်ထောင်နေကြ တယ်။ မှတ်ပုံတင်ထားတဲ့ အများပိုင်ကုမ္ပဏီတွေ အရေ အတွက် ၂၀ဝ ကျော်ကျော်ရှိတယ်။ အခုလို အရေအတွက် များတာကို ကြိုဆိုရပေမယ့် ပြည့်မီတဲ့ အရည်အချင်းရှိ၊ မရှိ ဆိုတဲ့ မေးခွန်းကတော့ မေးရမယ့်ကိစ္စ။ ကျွန်တော်ငယ်ငယ် တုန်းက ဖခင်လုပ်သူပါဝင်ခဲ့တဲ့ ထားဝယ်ကူးသန်းရောင်းဝယ် ရေးလီမိတက်ရုံးက ဆူးလေဘုရားအနီးမှာ။ အခုချိန်အထိ ဆိုင်းဘုတ်ကို မြင်တွေ့ရသေးတယ်။ ရုံးကတော့မရှိတော့ ဘူး။ ဒီကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီ။ အခု ၂၀၁၀ အလွန် အများပိုင်ကုမ္ပဏီတွေ မှိုလိုပေါက်လာခဲ့တယ်။ အတုခိုးချင် တဲ့စရိုက်နဲ့ သူများလုပ်တာကို လိုက်လုပ်ကြတာ။ ဘာကြောင့် လုပ်တာလဲ၊ ဘယ်လိုလုပ်ရလဲဆိုတာကို အသေအချာမသိဘဲ ဆိုင်းဘုတ်တင်ရုံလောက်နဲ့ ကျေနပ်ခဲ့ရတယ်။ မှတ်ပုံတင်ခဲ့ကြ တယ်။ ကုမ္ပဏီအဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ တစ်ဦးတည်းပိုင်၊ အစုစပ်နဲ့အများပိုင်ဆိုပြီး အခြေခံပုံစံသုံးခုရှိတယ်။ အများပိုင် ကုမ္ပဏီဟာ အမှန်တော့ စုပေါင်းခြင်းရဲ့ အားဖြစ်တယ်။ အရင်း အနှီးများများ စုဆောင်းနိုင်သလို ပါဝင်သူတွေရဲ့အရည်အချင်း၊ အတွေ့အကြုံ ၊ ဗဟုသုတနဲ့ လုပ်ရည်ကိုင်ရည်တွေကို စုစည်း နိုင်စွမ်းရှိတယ်

 

အခြေခံက ကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှု

စီးပွားရေးလုပ်ငန်းကုမ္ပဏီများမှာ တစ်ဦးတည်းပိုင် ဖြစ်စေ၊ အစုစပ်ဖြစ်စေ၊ အများပိုင်ဖြစ်စေ အခြေခံက ကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှုပဲ ဖြစ်တယ်။ ဒီအခြေခံမရှိရင် အချည်းနှီးပဲ။ အများပိုင်ကုမ္ပဏီမှာ ပါဝင် ပတ်သက်တဲ့ပုဂ္ဂိုလ်သုံးမျိုး၊ သုံးစားရှိတာ တွေ့ရတယ်။ ပထမနဲ့ အရေးကြီးဆုံးက ကုမ္ပဏီရဲ့ အစုရှယ်ယာရှင်တွေဖြစ်တယ်။ တစ်နည်းပြောရရင် ပိုင်ရှင်တွေ ဖြစ်တယ်။ ဒီအစုရှယ်ယာ ဝင်တွေဟာ ကုမ္ပဏီမှာ လာရောက် မြှုပ်နှံကြတယ်။ အခုလို မြှုပ်နှံရတဲ့ ရည်ရွယ်ချက်က နှစ်မျိုးဖြစ်တယ်။ ကုမ္ပဏီရဲ့လုပ်ငန်း ဆောင်ရွက်မှုတွေရဲ့ အောင်မြင်မှုအပေါ် အခြေခံပြီး အမြတ်ခွဲ ဝေတဲ့အခါ ဝေစုရရှိနိုင်မှုဖြစ်တယ်။ ဒုတိယကတော့ ကုမ္ပဏီရဲ့ အောင်မြင်မှုကြောင့် ရှယ်ယာတန်ဖိုးတွေတက်လာရင် မိမိရဲ့ ရှယ်ယာတန်ဖိုးတက်လာပြီး ဒီရှယ်ယာတွေကို ရောင်းချရင် ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံခဲ့မှုအပေါ် အကျိုးခံစားခွင့်ရခြင်းဖြစ်တယ်။ ဒီနှစ်ခုအနက် အစုရှယ်ယာရှင်အများစုဟာ ပထမရည်ရွယ် ချက်ကိုသာ အာရုံစိုက်ကြတာ တွေ့ရတယ်။ အမြတ်ဝေစုမခွဲ ဝေရင် မကျေနပ်ကြဘူး။ အမှန်တော့ အမြတ်ရခဲ့ရင်တောင် ရတဲ့အမြတ်တွေကို လုပ်ငန်းအတွက် ထပ်ပြီးရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့ ဆုံးဖြတ်ရင် အမြတ်ခွဲဝေပေးစရာ မလိုအပ်ပါဘူး။ ဒီအခြေခံသဘောတွေကို ဂဃနဏမသိဘဲ အမြတ်ဝေစုရရှိ ဖို့ မျှော်လင့်နေသူတွေက များတယ်။

 

အစုရှယ်ယာရှင်များကိုလည်း နှစ်မျိုးနှစ်စားခွဲခြားနိုင် ပြန်တယ်။ တချို့တွေက အစုရှယ်ယာနည်းနည်းကိုသာ ပိုင်ဆိုင်ကြပြီး တချို့ကျတော့ ပိုင်ဆိုင်မှုရာနှုန်းအများကြီးရှိတာတွေ့ရတယ်။ အရေးကြီးတဲ့အခြေခံတစ်ခုက အစုရှယ်ယာ ပမာဏအပေါ် အခြေခံခြင်းမပြုဘဲ အနည်းစုပိုင်သည်ဖြစ်စေ၊ အများစုပိုင်သည်ဖြစ်စေ တူညီတဲ့ရပိုင်ခွင့်တွေရှိတယ်။ အစုရှယ်ယာဝင်တွေဟာ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ဒါရိုက်တာအဖွဲ့ကို ရွေးချယ်တင်မြှောက်ပြီး တာဝန်ပေးပါတယ်။ ဒီအရွေးခံတဲ့ပုဂ္ဂိုလ်တွေဟာ အစုရှယ်ယာရှင်တွေရဲ့ကိုယ်စားလှယ်ဖြစ်တယ်။ အစုရှယ်ယာဝင်တွေရဲ့ အလိုကျ လုပ်ကိုင်ဆောင်ရွက်ဖို့ တာဝန်ရှိတာ ဖြစ်တယ်။ အစုရှယ်ယာရှင်တွေနဲ့ ရွေးချယ်ခန့်ထားခြင်းခံရတဲ့ ဒါရိုက်တာ တွေရဲ့ထိတွေ့မှုဟာ နှစ်စဉ်ကျင်းပတဲ့ အထွေထွေအစည်းအဝေး ဖြစ်တယ်။ ဒါကြောင့် ဒီအစည်းအဝေးဟာ အများပိုင်ကုမ္ပဏီရဲ့ အသက်ဖြစ်တယ်။ အစည်းအဝေးမှာ ဆောင်ရွက်မှုတွေကို တာဝန်ရှိတဲ့ ဒါရိုက်တာအဖွဲ့က အစုရှယ်ယာရှင်တွေကို တင်ပြ သတင်းပို့ရတယ်။ အစုရှယ်ယာရှင်တွေက မေးခွန်းတွေထုတ်နိုင် တယ်။ အရေးကြီးဆုံး အဆုုံးအဖြတ်က ဒါရိုက်တာအဖွဲ့ဝင်တွေကို ရွေးချယ်နိုင်မှုပဲဖြစ်တယ်။

 

အရေးကြီးတာက ဒါရိုက်တာအဖွဲ့ဝင်

တွေဒါရိုက်တာအဖွဲ့ဝင်တွေဟာ အလွန်တာဝန်ကြီးလှတယ်။ အစုရှယ်ယာရှင်တွေရဲ့ ကိုယ်စား ကုမ္ပဏီကိုထိရောက်စွာ စီမံ အုပ်ချုပ်ရတယ်။ ဒီတာဝန်တွေကို ပေါ့ပေါ့တန်တန်သဘောထား လို့ မဖြစ်ဘူး။ အလေးအနက်ထားဖို့လိုအပ်တယ်။ ဒါရိုက်တာ အမျိုးအစားက သုံးမျိုး။ ပထမအမျိုးအစားက အမှုဆောင် ဒါရိုက်တာ။ သူတို့ဟာ ကုမ္ပဏီရဲ့လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားကြတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တာဝန်ယူကြတယ်။ ဒုတိယအမျိုးအစားက အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာများ။ ဒီဒါရိုက်တာများဟာ ကုမ္ပဏီနဲ့နေ့စဉ်ပတ်သက်မှု မရှိဘဲ လိုအပ်တဲ့တာဝန်တွေကိုသာ တာဝန်ယူကြတာပဲ။ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာတွေကို အမျိုးအစားနှစ်မျိုး ခွဲနိုင်ပြန်တယ်။ လွတ်လပ်တဲ့ဒါရိုက်တာနဲ့ မလွတ်လပ်တဲ့ ဒါရိုက်တာ၊ လွတ်လပ်တဲ့ ဒါရိုက်တာတွေက ကုမ္ပဏီရဲ့အစုရှယ်ယာ ပိုင်ဆိုင်မှုမရှိဘဲ ကုမ္ပဏီရဲ့အကျိုးကိုသာစူးစိုက်ပြီး ဆောင်ရွက် ကြသူတွေ။ မလွတ်လပ်တဲ့ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာတွေ ကတော့ ကုမ္ပဏီနဲ့တစ်နည်းနည်း ပတ်သက်မှုရှိသူတွေ ဖြစ်တယ်။

 

အများပိုင်ကုမ္ပဏီရဲ့ စီမံအုပ်ချုပ်မှုမှာ ဒါရိုက်တာတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အခြေတည်နေတယ်။ ဒါရိုက်တာများ ဟာ ပိုင်ရှင်ဖြစ်တဲ့အစုရှယ်ယာရှင်တွေရဲ့အကျိုးကို ဦးထိပ်ထား ပြီး ဆောင်ရွက်လှုပ်ရှားကြရတယ်။ ဒါရိုက်တာဖွဲ့စည်းမှုဟာ အလွန်အရေးကြီးတယ်။ အကောင်းဆုံးဒါရိုက်တာအဖွဲ့က အသက်အတွေ့အကြုံ ကျား၊ မ အမျိုးအစားခွဲခြားမှုရှိရမယ်။ ဒါရိုက်တာအဖွဲ့ဝင်တာဝန်ကိုလည်း အလှည့်ကျပြောင်းဖို့ လိုအပ် တယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ အခက်အခဲရှိတယ်။ နေရာ တစ်ခုရထားရင် လိုလိုချင်ချင် အလှည့်ပေးလိုတဲ့၊ ဆင်းပေးလို တဲ့သူတွေသိပ်မရှိလှဘူး။ ရာသက်ပန်ဒါရိုက်တာတွေ ဖြစ်ချင်ကြ တယ်။ အလှည့်ပေးရမယ်ဆိုတာကို လက်မခံလိုကြဘူး။ လူငယ် တွေကို ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် မမြင်ရဘူး။ အားလုံးဟာ အသက်အရွယ်ကြီးရင့်တဲ့သူတွေများတယ်။ အတွေ့အကြုံရှိတာ မှန်ပေမယ့် ခေတ်နဲ့လိုက်မီဖို့တော့ လိုအပ်တယ်။ ဒါရိုက်တာရဲ့ တာဝန်ဟာ ရပိုင်ခွင့်တစ်ခုမဟုတ်ဘဲ ကြီးလေးတဲ့တာဝန်ဖြစ်တာ ကို သဘောပေါက်ဖို့လိုအပ်တယ်။

 

စနစ်တကျလေ့ကျင့်သင်တန်းပေးဖို့လို

အရေးကြီးဆုံးကိစ္စက ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့ကျင့်သင်တန်းပေးမှုမရှိကြဘူး။ အများပိုင် ကုမ္ပဏီမှာ တာဝန်ယူနေကြတဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအထဲမှာ ဒါရိုက်တာသင်တန်းတက်ခဲ့သူတွေ အရေအတွက်က ၁၀ ရာခိုင် နှုန်းမပြည့်ဘူး။ ဒါကြောင့်လည်း ဒီကိစ္စကို လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက ကြိုးစားခဲ့တယ်။ နိုင်ငံတကာအကူအညီနဲ့ မြန်မာ ဒါရိုက်တာများအဖွဲ့ကို တည်ထောင်နိုင်ဖို့ တိုက်တွန်းအားပေး ခဲ့တယ်။

 

ကြိုးစားဆောင်ရွက်မှုတွေကြောင့် ဒီအဖွဲ့ပေါ်ပေါက်လာ ခဲ့ပြီး ဒါရိုက်တာသင်တန်းတွေ ပေးနေကြတယ်။ အရည်အသွေး မြင့်လုပ်ငန်းတွေ လုပ်နေကြတယ်။ လက်မှတ်တွေရနေကြပြီ။ ကျွန်တော့်ဆန ́ကတော့ မှတ်ပုံတင်ပြီးတဲ့ အများပိုင်ကုမ္ပဏီမှာ တာဝန်ယူနေကြတဲ့ ဒါရိုက်တာအားလုံးဟာ ဒီသင်တန်းတွေ တက်ပြီး အရည်အချင်းတွေ စစ်ဆေးစေချင်တယ်။ သင်တန်း မတက်တဲ့သူတွေကို ဒါရိုက်တာအဖွဲ့ဝင်တာဝန်မပေးသင့်ဘူး။ ဒီအထိစဉ်းစားဖို့ လိုအပ်တယ်။ တာဝန်ရှိသူတွေက အလေး အနက်ထားသင့်တယ်။ အခုတော့ ကြိုက်သလို အများပိုင် ကုမ္ပဏီဖွဲ့ ၊ မှတ်ပုံတင်ရုံနဲ့ အလိုလိုအများပိုင်ဖြစ်လာ။ ဒါရိုက်တာ အရည်အချင်းစိစစ်မှုမရှိဘဲ ဒါရိုက်တာတာဝန်တွေယူကြ။ ဖြစ်သလို ကြိတ်နေကြတာ။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ မသိကြဘူး။

အများပိုင်ကုမ္ပဏီမှာ စောစောက တင်ပြခဲ့သလို အစု ရှယ်ယာရှင်တွေ၊ အဓိကအစုရှယ်ယာရှင်တွေ ရွေးချယ်တင် မြှောက်ခဲ့တဲ့ ဒါရိုက်တာအဖွဲ့က အရေးကြီးပြီး နောက်ဆုံး ကတော့ ကုမ္ပဏီရဲ့ လုပ်ငန်းတာဝန်တွေကို စီမံခန့်ခွဲတဲ့သူတွေ၊ ခေတ်မီတဲ့ကုမ္ပဏီတွေမှာ အမှုဆောင်အရာရှိချုပ်ကို တာဝန်ပေး ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်စေတယ်။ အမှန်တော့ အများပိုင်ကုမ္ပဏီတွေမှာ ပိုင်ဆိုင်မှုနဲ့စီမံခန့်ခွဲမှုကို သပ်သပ် ရပ်ရပ် ခွဲခြားထားရတယ်။ ပိုင်ရှင်တွေဖြစ်တဲ့ အစုရှယ်ယာရှင် တွေက ဒါရိုက်တာအဖွဲ့ကို တာဝန်ပေးပြီး ဒါရိုက်တာအဖွဲ့က စီမံ ခန့်ခွဲမယ့်သူတွေကို ရွေးချယ်ခန့်ထားကြတယ်။ အခုလို ခန့်ပြီးချိန် မှာ နေ့စဉ်တာဝန်တွေကို စီမံခန့်ခွဲသူတွေက တာဝန်ယူကြရတယ်။ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အမှုဆောင်အရာရှိချုပ်က ဦးဆောင် ကာ ကုမ္ပဏီကို စီမံရတာဖြစ်တယ်။ သမီး အထက်တန်းကျောင်းတက်စဉ် ကျောင်းရဲ့ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့တယ်။ ဒါရိုက်တာအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူပြီး ကျွန်တော်တို့ကို ဒါရိုက်တာသင်တန်းတွေ တက်စေ ခဲ့တယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ကျောင်းသားမိဘတွေ ကိုယ်စား ကျောင်းအုပ်ကြီးကို ခန့်အပ်ခွင့်ရှိတယ်။ စိတ်ကြိုက် ရွေးချယ်နိုင်တယ်။ ကျောင်းအုပ်ကြီးကိုခန့်ပြီးရင် ကျောင်းရဲ့စီမံ အုပ်ချုပ်မှု၊ သင်ရိုးòန်းတမ်း၊ ကိစ္စအဝ၀ဟာ ကျောင်းအုပ်ကြီးရဲ့ တာဝန်ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေက ဝင်စွက်ဖက်ခွင့်မရှိဘူး။ ကျွန်တော်တို့ ဒါရိုက်တာအဖွဲ့မှာ အခွင့်အာဏာတစ်ခုတည်း ရှိတယ်။ ဒါကတော့ ကျောင်းအုပ်ကြီးကို ခန့်နိုင်တယ်။ ဖြုတ်နိုင် တယ်။ ကျန်တာတွေကို ကျောင်းအုပ်ကြီးလက်ထဲအပ်ရတာ။ အများပိုင်ကုမ္ပဏီတွေမှာလည်း အခုလိုပဲ စီစဉ်ဆောင်ရွက် ရမှာ

 

ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို မကွဲကြဘူး

ဒါက အပြောလွယ်သလောက် လက်တွေ့မှာ ခက်တယ်။ ဒါရိုက်တာတွေက နေ့စဉ်အလုပ်တွေမှာ ပါဝင်ပတ်သက်ချင် တယ်။ စိတ်ချလက်ချနဲ့ မလွှဲထားနိုင်ကြဘူး။ ဒါကြောင့် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုက မကွဲပြားဘဲ တွဲနေတယ်။ ရှုပ်နေတာ ပဲ။ သူ့နေရာ၊ ကိုယ့်နေရာ မသိကြတော့ အခက်အခဲကြုံရတယ်။

အများပိုင်ကုမ္ပဏီတွေမှာ အခုလို ကောင်းမွန်တဲ့ စီမံ အုပ်ချုပ်မှုရှိရင် ကုမ္ပဏီအပေါ်မှာ ယုံကြည်မှုတိုးလာမှာ ဖြစ်တယ်။ ယုံကြည်မှုကိုအခြေခံပြီး ကုမ္ပဏီရဲ့ အစုရှယ်ယာ တွေကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ များလာမှာ ဖြစ်တယ်။ ဒီနေရာမှာ အမြဲရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက ကိုယ်ကျိုးစီးပွားရေးပဋိပက္ခကိစ္စပဲဖြစ်တယ်။ ကျွန်တော် တို့နိုင်ငံမှာ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဆိုတဲ့ အတွေးက စွဲနေတယ်။ ကုမ္ပဏီအကျိုးနဲ့ ကိုယ်ရေးကိုယ်တာအကျိုး ခွဲခြားဖို့လိုအပ်တယ်။ အခုတော့ ရောယှက်နေတာမို့ မကြာခဏ ပြဿနာတက်ကြတယ်။ အမှန်တော့ ဒီကိစ္စဟာ ဖြောင့်မတ်တည်ကြည်မှုဖြစ်တယ်။ သိက္ခာနဲ့ ဆိုင်တယ်။ အခုတော့ ကိုယ်ကျိုးကို ရှေ့တင်ထားရင်း အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်ရတယ်။

ကျွန်တော်တို့နိုင်ငံမှာ အများပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီး အတွေ့အကြုံနုသေးတယ်။ ဒါကြောင့်လည်း လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ လိုအပ်ချက်တွေကို ထုတ်ဖော်နိုင်ရင် လိုအပ်တဲ့အဖြေတွေ ထုတ်နိုင်မှာဖြစ်တယ်။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ ပုဂ္ဂလိကကဏ္ဍဟာ သော့ချက်ဖြစ်တယ်။ အသိအမှတ်ပြုရမယ်။ အလေးထားရမယ်။ ဝေဖန်ပြစ်တင်ရုံနဲ့ မလုံလောက်ဘူး။ ပုဂ္ဂလိကကဏ္ဍမှာ အရေးကြီးတာက အများပိုင်ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေများအောင် အားပေး ဖို့လိုအပ်သလို စနစ်တကျ စီမံအုပ်ချုပ်နိုင်မှုကိုလည်း အာရုံ ပြုရမယ်။

 

စနစ်တကျစီမံခန့်ခွဲသော ကုမ္ပဏီများကို အားပေးစေချင်

ပုဂ္ဂလိကကဏ္ဍတိုးတက်ဖွံ့ ဖြိုးမှု စီမံချက်တွေမှာ အများပိုင်ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုထား တယ်လို့ ကျွန်တော်ကမြင်တယ်။ ဒီအမြင်ကို ပြင်ဆင်ဖို့ လိုအပ်တယ်။ အခုဆိုရင် အများပိုင်ကုမ္ပဏီများအနက် ကုမ္ပဏီငါးခုဟာ ရန်ကုန်စတော့အိတ်ချိန်းမှာ ပါဝင်ပတ်သက် ကြပြီး အစုရှယ်ယာတွေကို လွတ်လွတ်လပ်လပ်ဝယ်ရောင်း နေကြတယ်။ ဒီကုမ္ပဏီတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စတင်လက်ခံနေတာ တွေ့ရတယ်။ပုဂ္ဂလိကကဏ္ဍကို စောင့်ရှောက်အားပေးရမှာ ဖြစ်တယ်။ အသိအမှတ်ပြုဖို့လိုတယ်။ ကျွန်တော့်ရဲ့ အိပ်မက်က အများပိုင် ကုမ္ပဏီတွေအနက် စနစ်တကျစီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုစေချင်တယ်။ နမူနာပြတွေ ရွေးချယ်စေချင်တယ်။ အားပေးအားမြှောက်ပြုစေချင် လှတယ်။