ကျွန်တော်နဲ့ မြားနှစ်စင်း

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

 

ဗုဒ္ဓမြတ်စွာဘုရားဟာ မြားနှစ်စင်းနဲ့ပတ်သက်ပြီး သူ့ရဲ့တပည့်တစ်ယောက်ကို မေးခွန်းထုတ်ခဲ့တယ်။ “ပထမမြားထိလို့ နာကျင်ရင်၊ ဒုတိယမြားထိတဲ့အချိန် ပိုပြီးနာသလား”လို့ မေးခဲ့တယ်။ ဗုဒ္ဓမြတ်စွာဘုရားမေးခွန်းဟာ အခုအချိန် တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ နဲ့ အတိအကျ တိုက်ဆိုင်ပတ်သက်နေတာ တွေ့ရပါတယ်။

 

ကိုဗစ်-၁၉နဲ့ပတ်သက်ရင် ပထမမြားတစ်စင်းကို လူတိုင်းခံစားခဲ့ရတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဘူး၊ လုပ်ငန်းတွေ ပိတ်ရတယ်၊ စားသောက်ဆိုင်တွေ မဖွင့်ရဘူး၊ သွားလာလှုပ်ရှားမှုတွေကို တားမြစ်ထားတယ်။ ဒါတွေအားလုံးဟာ ပထမမြားတစ်စင်းဖြစ်တယ်။ ဒီမြား ကို ကိုယ်တားလို့ မရဘူး။ ဒီဇင်ဘာလကတည်းက စတင်ခဲ့ပြီး တစ်ကမ္ဘာ လုံးကို အရှိန်အဟုန်မြန်မြန်ဆန်ဆန် ပျံ့နှံ့ခဲ့တယ်။ ကူးစက်လူနာသုံးသန်းကျော်ရှိပြီး သေဆုံးတဲ့ ဦးရေကလည်း ကြောက်လန့်စရာပဲ။ ကိုဗစ်-၁၉ ပထမမြားနဲ့အတူ ဒုတိယမြားတွေရှိတယ်။ ဒီရောဂါ ကိုယ့်ဆီရောက်လာမလား၊ မိမိရဲ့သားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ ဒီရောဂါကူးစက်ရင် ဘယ်လိုလုပ်ကြမလဲ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ကျပ်တည်းလာရင် ဘယ်လိုရင်ဆိုင်မလဲ၊ Facebook ကတစ်ဆင့် တထိတ်တလန့် သတင်းတွေကြားပြီး ဖတ်ပြီးရလာတဲ့၊ ခံစားရတဲ့စိတ်ဖိစီးမှုတွေ။ ဒါတွေဟာ မိမိရဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိုးရိမ်မှုတွေ၊ ကြောင့်ကြ မှုတွေ။ ဒီလိုဖြစ်တာ သဘာဝကျတယ်။ လူရယ်လို့ဖြစ် လာရင် အခုလိုပဲ ခံစားရမှာ။ ဒါပေမယ့် ဒီဒုတိယမြား တွေကြောင့် နာကျင်မှုမှတစ်ဆင့် စိတ်ဒုက္ခ၊ သောကကို ကူးပြောင်းသွားတယ်။ စိတ်တွေ ထွေရှုပ်ပြီး အခြေအနေ အမှန်ကို ကြည်လင်စွာမမြင်နိုင်တော့ဘူး။ လုပ်သင့်တဲ့အလုပ်ကို မလုပ်နိုင်ဘဲ စိတ်ဖိစီးမှုတွေ ရင်ဆိုင်နေကြ ရတယ်။ ဒါကြောင့် ဒုတိယမြားဟာ ပထမ မြားထက် ပိုပြီးနာကျင်တယ်လို့ ပြောနိုင်တာ။ ဒုတိယ မြားကို လက်မခံဖို့လည်း သတိပေးခြင်းဖြစ်တယ်။


ခံစားမှုတွေကို ကျော်လွှားနိုင်ဖို့

ဒီလိုသဘာဝကျတဲ့ ခံစားမှုတွေကို ကျော်လွှားနိုင်ဖို့ မိမိရဲ့စိတ်ကိုခိုင်အောင်၊ တည်ငြိမ်အောင်လုပ်ရမယ်။ စိတ်ကူးနဲ့ ခံစားချက်ကို မျှတနိုင်အောင်ကြိုးစားရမှာ။ ပထမမြားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဒုတိယမြားကို ကိုယ့်ဆီ မရောက်အောင် ထိန်းသိမ်းရမှာ။ အခုလို စိတ်ဓာတ် ခိုင်မာဖို့ ကိုယ့်မှာပေါ်လာတဲ့ အတွေးတွေကိုမှတ်ပြီး အကျိုးမရှိတဲ့၊ နှောင့်ယှက်စေတဲ့ စိတ်တွေကို ဖယ်ထုတ်ဖို့ လိုအပ်တယ်။ အမှန်တော့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားရမှာ။ ချဉ်းကပ်မှုသုံးမျိုး ရှိတယ်။ ပထမက ကိုယ့်စိတ်ကိုငြိမ်အောင်ထားဖို့။ ကိုယ့်အနီးပတ်ဝန်းကျင် မှာ ဖြစ်ပေါ်တာတွေကို သတိထားသလို မိမိအတွင်း စိတ်မှာ ပေါ်လာတာတွေကိုလည်း သတိထားဖို့လိုအပ် ပါတယ်။ မိမိရဲ့စိတ်တွေအပေါ် အာရုံထားပြီး စိတ်မလွတ် သွားအောင် ထိန်းသိမ်းဖို့ လိုအပ်တယ်။ အဆိုးဆုံး အခြေအနေတွေကို မတွေးမိအောင် ဆင်ခြင်ရမယ်။ ကိုယ်နဲ့ပတ်သက်ပြီး ကောင်းတာကို စဉ်းစားဖို့လိုအပ်ပါတယ်။ အိမ်မှာနေရလို့ မိသားစုနဲ့ နွေးနွေးထွေးထွေးနေနိုင်တာကို အာရုံပြုရမယ်။ အခုလိုမဟုတ်ဘဲ ရောဂါကူးစက်သူအရေအတွက် ဘယ်နှယောက်ရှိသွားပြီ၊ သေတဲ့သူတွေ ဘယ်နှဦးရှိသွားပြီဆိုတဲ့ သတင်းတွေနဲ့ စိတ်ဖိစီးနေ တာတွေကို ပယ်ဖျောက်ရမယ်။ အရေးကြီးတာက ပစ္စုပ္ပန် ကို အာရုံပြုပြီး စိတ်တွေမပြန့်အောင် ဆင်ခြင်ဖို့ပဲ။ စိတ်ဖိစီးမှုတွေ၊ သောကတွေကိုလျှော့ပြီး စိတ်ဓာတ်ခိုင်မာ အောင်လုပ်ရမှာ၊ ကိုဗစ်-၁၉ အကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အားမွေးရမှာဖြစ်တယ်။


စဉ်းစားချင့်ချိန်ပြီး သုံးသပ်ရမယ်

ဒုတိယနည်းက စိုးရိမ်မှုတွေလွန်ကဲလာတာမို့ လိုအပ်တာထက် ပိုပြီးခံစားရတာတွေကို လျော့အောင်လုပ်ဖို့ လိုအပ်တယ်။ မကျေနပ်ချက်တွေကို ချက်ချင်းတုံ့ပြန်မယ့် အစား စဉ်းစားချင့်ချိန်ပြီး သုံးသပ်ရမယ်။ သတင်းဆိုးတွေနဲ့ ပိနေမယ့်အစား စိတ်ငြိမ်အောင်လုပ်ရမယ်။ အလုပ်တွေ ဖိမလုပ်ဘဲအချိန်ယူပြီး အပြင်လောကရဲ့ အလှအပတွေကို ခံစားနိုင်အောင် ကြိုးစားရမယ်။ အခုလိုဆိုးနေတဲ့ အခြေ အနေမှာ ကောင်းတာတွေကို ရှာဖွေရမှာ။ နောက်ဆုံးက တော့ အိမ်မှာနေရတဲ့အချိန် မိမိရဲ့သားချင်းမိတ်ဆွေ သူငယ် ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ကြိုးစားရမှာ၊ ကိုယ်ချင်းစာစိတ်တွေတိုးပွားအောင် ဆောင်ရွက်ပြီး တစ်ဦး နဲ့တစ်ဦး အဆက်အသွယ်မပြတ်အောင် နေထိုင်လှုပ်ရှားကြ ရမှာ။


မြားနှစ်စင်းကို ထိတွေ့နေကြရ

ဒုတိယမြားတွေဟာ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေ၊ ဒေါသထွက်မှုတွေ ဖြစ်တယ်။ သတင်းမျိုးစုံကြားနေရတာ၊ ဒီရောဂါကို လူတွေက ဖန်တီးတာ၊ ဘယ်သူတွေမှာ အပြစ် ရှိတယ်၊ ဒီအစွဲအလမ်းတွေ၊ စွပ်စွဲမှုတွေကို ဖယ်ထုတ်ပစ် ရမယ်။ ရောဂါနဲ့ပတ်သက်ရင် ကိုယ့်တစ်ခုပဲ ကြည့် တတ်တဲ့စိတ်ကို ရှင်းဖို့လိုအပ်တယ်။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး ဆက်စပ်နေတယ်၊ မှီတွဲနေရတယ်၊ အပြန်အလှန် အားကိုးနေရတာဖြစ်တယ်။ ဒါကြောင့် အခုလို အထီးကျန် ဆန်ပြီး လူတွေနဲ့ကင်းကွာနေတဲ့အချိန်မှာ တစ်ဦးအပေါ် တစ်ဦး မေတ္တာ၊ စေတနာရှေ့တန်းတင်ပြီး သူများအတွက် ကိုယ်ဘာလုပ်ပေးနိုင်သလဲ၊ ဘာလုပ်ပေးရမလဲဆိုတာကို သုံးသပ်ရမယ်။ လူတိုင်းကြောက်စိတ်တွေ ဖိစီးနေကြ၊ စိတ် ပင်ပန်းနေကြတယ်။ တစ်လကျော်ကျော် အိမ်ထဲက အိမ်ပြင် မထွက်ရတဲ့ဒဏ်ကို အလူးအလဲ ခံနေကြရတယ်။ စိတ်ဓာတ် တွေကျပြီး စိုးရိမ်နေကြတယ်။ ဒါကြောင့် လူတွေမှာ ကိုဗစ်-၁၉ ကြောင့် မြားနှစ်စင်းကို ထိတွေ့နေကြရတာ။ ဒုတိယ မြားက ပထမမြားထက်ပိုပြီး နာကျင်တယ်။ သောက တွေများလွန်းတော့ လုပ်ရမယ့်အလုပ်တွေ မစဉ်းစားနိုင် တော့ဘူး။ စိတ်ထောင်းကိုယ်ကြေတဲ့ အဖြစ်မျိုးကို ရင်ဆိုင်နေကြရတယ်။


အားလုံးမှာ သုံးကိုယ်ကွဲနေကြ

ကျွန်တော်တို့အားလုံးမှာ သုံးကိုယ်ကွဲနေကြတယ်။ လူတစ်ယောက်တည်းဆိုပေမယ့် စိတ်ခံစားမှုက သုံး ယောက်။ ပထမလူက ကလေးနဲ့တူတဲ့သူ၊ အားလုံးကို အားကိုးနေရတယ်၊ မှီခိုနေရတယ်။ ဒုတိယလူကတော့ လူကြီးဆန်ဆန် တွေးတတ် မြင်တတ်၊ တုံ့ပြန်တတ်သူဖြစ်တယ်။ နောက်ဆုံးလူကတော့ ကိုယ့်ရဲ့ရှင်သန်မှုကိုသာ အာရုံပြုပြီး စိတ်လိုက်ကိုယ်ပါ လုပ်တတ်သူဖြစ်တယ်။ ဒါကြောင့် လူတိုင်းကို လူကြီးဆန်တဲ့ပုံစံနဲ့ နေထိုင် လှုပ်ရှားစေချင်တယ်။ လူကြီးဆန်တာမို့ ကိုယ်ချင်း စာတရား အပြည့်ရှိတယ်။ မိမိစိုးရိမ်ပူပန်မှုတွေကို ဆင်ခြင်ပြီး ထိန်းချုပ်နိုင်တယ်။ စိတ်ငြိမ်အောင် ဆောင် ရွက်နိုင်တယ်။ ခြေလှမ်းတစ်လှမ်းနောက်ဆုတ်ပြီး အခြေ အနေမှန်ကို မြင်နိုင်သူဖြစ်တယ်။ ကိုယ်လုပ်နိုင်တာသာ အာရုံပြုပြီး မတတ်နိုင်တာတွေကို မစဉ်းစားသင့်ဘူး။ အခုချိန်မှာ လူကြီးဆန်မယ့်အစား ကလေးစိတ်တွေ အကြောက်တရားလွှမ်းမိုးပြီး ရှင်သန်မှုကို အာရုံပြုနေကြတယ်။


ကိုယ်လုပ်နိုင်တာလုပ်ဖို့ သတိပေးချင်

ကျွန်တော့်စိတ်ထဲ ပထမမြားဟာ သူများပစ်တဲ့မြား ဖြစ်တယ်လို့မြင်မိတယ်။ ကိုဗစ်-၁၉ ကို ကိုယ်ကဖန်တီးတာ မဟုတ်ဘူး။ တားဆီးလို့လည်း ရမှာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို ကာလတိုအတွင်း ပျံ့နှံ့သွားတာ။ တား လို့ရတဲ့ကိစ္စမဟုတ်ဘူး။ ဒုတိယမြားကတော့ သူများက ပစ်တာမဟုတ်ဘဲ ကိုယ်ကပစ်တဲ့မြားလို့မြင်မိတယ်။ ဒုတိယမြားရဲ့ ဝေဒနာတွေဟာ ကိုယ်ကဖန်တီးလို့သာ ပေါ်လာတာဖြစ်တယ်။ မိမိရဲ့စိတ်ကိုမထိန်းနိုင်ဘဲ စိတ်ကို လွှတ်လိုက်တဲ့၊ ပေါ်လာတဲ့ဒုက္ခတွေဖြစ်တယ်။ ကျွန်တော်က ကိုယ်လုပ်နိုင်တာလုပ်ဖို့ သတိပေးချင် တယ်။ လက်တွေကို မှန်မှန်ဆေးဖို့ ကိုယ်တတ်နိုင်တယ်။ အပြင်မထွက်ဘဲ အိမ်မှာနေဖို့က ကိုယ့်အဆုံးအဖြတ်၊၊ မဖြစ်မနေ ထွက်ရရင်လည်း တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်မနေဘဲ အကွာအဝေးတစ်ခုကို သတ်မှတ်တာက ကိုယ့်အလုပ်၊၊ စိတ်ဖိစီးမှုတွေကို မရှိရဘူးလို့ ပြောဖို့ခက်တယ်။ တစ်ဦးနဲ့တစ်ဦးပေါ်လာတဲ့ အကျပ်အတည်း၊ အခက်အခဲကို ရင်ဆိုင်တဲ့ပုံစံက တစ်ပုံစံတည်း မဟုတ်ဘူး။ တချို့လွန်ကဲပြီး ပူပင်ကြတယ်၊ အကြောက်လွန်တယ်။ တချို့ကတော့ ဘာကိုမှဂရုမစိုက်ဘဲ စိတ်တိုင်းကျ နဂိုအတိုင်းလုပ်နေကြတယ်။ အမှန်တော့ အစွန်းနှစ်ခုအကြား မျှတအောင် နေထိုင်ဖို့လိုတယ်။


အခက်အခဲရင်ဆိုင်နေကြချိန်မှာ ကိုဗစ်-၁၉ အလွန် ဆိုတဲ့ကာလကို မှန်းဆပြီး ပြင်ဆင်ကြရမှာ။ နဂိုပုံစံ မဟုတ်တော့ ပုံစံအသစ်နဲ့လှုပ်ရှားဖို့ လိုအပ်မှာဖြစ်တယ်။ အမှန်တော့ လူတွေကိုယ်ခန္ဓာကြံ့ခိုင်အောင် အလေးမကြတယ်၊ အားကစားတွေ လုပ်ကြတယ်။ ကိုယ်ကာယနဲ့ ပတ်သက်ပြီး အခုလို လေ့ကျင့်ခန်းတွေလုပ်သလို စိတ်နဲ့ ပတ်သက်ပြီးလည်း လုပ်ဖို့လိုအပ်တယ်။ စိတ်မာလာအောင်၊ စိတ်ရဲ့ဦးနှောက်ကြွက်သားတွေ ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။ ကိုယ်ကိုဂရုစိုက်သလို စိတ်ကိုလည်း ဂရုစိုက်ရမှာဖြစ်တယ်။ ဒုတိယမြားဟာ ကိုယ်ပစ်တဲ့မြား မဖြစ်အောင် သတိပြုရမယ်။ ဆင်ခြင်ကြဖို့ လိုအပ်တယ်။    ။