ကျွန်တော်နဲ့ ပရိသတ်

mdn

ပါမောက္ခ၊ ဒေါက်တာ အောင်ထွန်းသက်

ကျွန်တော်က အခွင့်အရေးရတိုင်း ဟောပြောပွဲတွေ လုပ်ပေးတယ်။ ကိုယ်သိတာ၊ တတ်တာ၊ နားလည်တာကို မျှဝေပေးချင်တဲ့ စေတနာနဲ့အတူ အခုလို ဟောရ၊ ပြောရဖို့ ကျွန်တော်က စာတွေအများကြီး ဖတ်ရတယ်။ လေ့လာရတယ်။ ပြီးတော့ ဟောပြောတဲ့အခါ ပရိသတ်တွေ နားလည်နိုင်အောင် တင်ပြနိုင်ဖို့ ပြင်ဆင်ရတယ်။ အခုလိုလုပ်ရတဲ့အတွက် ကျွန်တော့်အတွက်လည်း အကျိုးအများကြီးရပါတယ်။ များများဟောရလေလေ၊ များများလေ့လာရလေလေ။ ပိုပြီးရတဲ့အကျိုးက ပရိသတ်တွေ နားလည်အောင် ပြင်ဆင်ရတဲ့အခွင့်အရေး။ ကိုယ်နားလည်သမျှကို သူများသဘောပေါက်အောင် ကြိုးစား အားထုတ်ရတယ်။ တီထွင်ရတယ်။ ဖန်တီးခွင့်ရတယ်။ ကျွန်တော်တို့ အခုလို လုပ်နေတာကို မပင်ပန်းဘူးလားလို့ မေးကြတယ်။

ဟောပြောပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း

ကျွန်တော့်စိတ်ထဲမှာ ပင်ပန်းတယ်လို့ မမြင်မိဘူး။ ကိုယ်စိတ်ဝင်စားတဲ့အလုပ် လုပ်နေရတာမို့ ပျော်နေမိတာ။ ဒါကြောင့်လည်း နေ့တိုင်းကျွန်တော်က ဟောပြောချက်တွေကို ပြင်ဆင်နေတာ။ ကောင်းသထက် ကောင်းအောင်လည်း အချိန်ယူပြီးလုပ်ရတယ်။

တင်ပြဖို့ ကျွန်တော်က ကွန်ပျူတာသုံးပြီး Power Point Slide တွေ ပြင်ဆင်ရတယ်။ စိတ်ဝင်စားစရာဖြစ်အောင်၊ ထိရောက်အောင် လုပ်ရတာ။ အခုလို ဆောင်ရွက်နေရင်း ပန်းချီကားတစ်ချပ် ဆွဲနေသလို၊ ပန်းပုရုပ်တစ်ရုပ် ထုနေသလို ခံစားရတယ်။ စိတ်ထဲမှာလည်း ဘယ်တော့မှ အားမရဘူး။ ခဏခဏ ပြင်ရတယ်။ ပြင်ဆင်ခဲ့တာတွေ ဟောပြောတဲ့အခါ သုံးပြီး ကျေနပ်မိတယ်။ ပီတိဖြစ်မိတယ်။

အခုလိုပြင်ဆင်ပြီး ဟောပြောတဲ့အခါ ထိရောက်အောင် အလေ့အကျင့်လုပ်ရပြန်တယ်။ ကိုယ်သိတာ သူများနားလည်အောင် လုပ်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်က ပါရမီပါလို့လား။ ပရိသတ်တွေကို မကြောက်ဘူး။ ရဲရဲဝံ့ဝံ့တင်ပြရဲတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တယ်။ အသံနေအသံအထားကို ဂရုစိုက်တယ်။

ဟောပြောပွဲ လုပ်တဲ့အခါ ကျွန်တော့်အတွက် အကျေနပ်ဆုံးက ပရိသတ်တွေဘက်က မေးခွန်းပြန်ထုတ်တဲ့အချက် ဖြစ်တယ်။ အခုလို မေးကြ၊ ဆွေးနွေးကြတဲ့ ယဉ်ကျေးမှုကို ကျွန်တော်က နှစ်သက်တယ်။ ဖန်တီးပေးချင်တယ်။ ပြောသမျှကို ခေါင်းညိတ်ပြီး ဘာမှပြန် မပြောတဲ့အကျင့်ကို ပြုပြင်ချင်တယ်။ ဒါကြောင့်လည်း ဟောပြောပွဲတိုင်းမှာ အချိန်ယူပြီး အမေးအဖြေကဏ္ဍကို အမြဲထည့်တယ်။ မေးတဲ့မေးခွန်းတိုင်းကို အပြည့်အဝ ဖြေချင်မှ ဖြေနိုင်မယ်ဆိုတာ နားလည်တယ်။ ဒါပေမယ့် ကိုယ့်အမြင်၊ ကိုယ့်အယူအဆကိုတော့ ကြိုးစားပြီး ဖြေခဲ့တယ်။

၁၀ ရက်အတွင်းပြုလုပ်ခဲ့တဲ့ ဟောပြောပွဲသုံးခု

ကျွန်တော် ၁၀ ရက်အတွင်း ဟောပြောပွဲ သုံးပွဲလုပ်ဖြစ်တယ်။ ပထမတစ်ခုက တောင်ကြီးတက္ကသိုလ်မှာ။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ စီစဉ်ပေးမှုကြောင့် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပွဲတစ်ပွဲ ကျင်းပခဲ့တယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာရှိတဲ့ တက္ကသိုလ်ကောလိပ်က ပါမောက္ခချုပ်တွေ၊ ဒုတိယပါမောက္ခ ချုပ်တွေ၊ ပါမောက္ခတွေနဲ့ ကျောင်းသူကျောင်းသားတွေ တက်ရောက်ကြတယ်။ ခန်းမဆောင်အပြည့်ပဲ။ ကျွန်တော်က အထက်တန်းပညာရေးမှာ လိုအပ်တဲ့ စီမံခန့်ခွဲမှုနဲ့ ဦးဆောင်မှုခေါင်းစဉ်နဲ့ ဟောပြောတင်ပြခဲ့တယ်။ အမေးအဖြေကဏ္ဍ ရောက်တဲ့အခါ ဆရာကြီးတွေ၊ ဆရာမတွေ၊ ဆရာတွေက မေးခွန်းမေးကြတယ်။ ဆွေးနွေးကြတယ်။ အခုလိုမေးတဲ့အထဲ ကျွန်တော့်အတွက် စိတ်ဝင်စားစရာ မေးခွန်းတစ်ခုကို ကြားခဲ့တယ်။ မေးတဲ့သူက ကျောင်းသား။ သူက အရဲစွန့်ပြီး မေးရှာတာ။ ကျွန်တော် ဟောပြောတာကို နားထောင်ပြီး အားတက်မိတယ်။ ဒါပေမယ့် အခုလို အားတက်တာက ခဏပဲခံပြီး နောက်တော့ အရင်လို ပြန်ပြန်ဖြစ်သွားတယ်။ ဒါကြောင့် အမြဲအားတက်ပြီးနေဖို့ အကြံပေးပါလို့ တောင်းခံလာတယ်။

ကိုယ့်ကြောင့် အားတက်ခဲ့တာကို ကျေနပ်ပေမယ့် ကိုယ်ကိုယ်တိုင်က အမြဲအခုလို အားပေးနိုင်မှာ မဟုတ်ဘူး။ အမြဲအားတက်ပြီး နေထိုင်နိုင်ဖို့က အရေးကြီးတဲ့အရာ။ အမှန်တော့ ဒီမေးခွန်းကို ကျွန်တော်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အမြဲမေးပါတယ်။ လူသားတိုင်း ဒီပြဿနာကို ရင်ဆိုင်ရမှာသာ ဖြစ်တယ်။ ဒါကြောင့် မေးတဲ့လူငယ်ကို ကျွန်တော်က (Self - motivation)  ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်မှုအကြောင်း ဖြေကြားခဲ့တယ်။ အားတက်မှု၊ လုပ်ချင်ကိုင်ချင်စိတ်က အပြင်နဲ့ မဆိုင်ဘဲ အတွင်းနဲ့သာ ပတ်သက်တာ။ ချီးကျူးမှု၊ ဝေဖန်မှုတွေဟာ အမှန်တော့ ယာယီတွေပါ။ ချီးကျူးခံရရင် ကျေနပ်ပြီး ဝေဖန်ခံရရင် စိတ်ညစ်တတ်တာက ကိုယ့်ဘဝကို အခြားသူတွေ လက်ထဲထည့်တာနဲ့ အတူတူပါ။ ဒါကြောင့် ကျွန်တော်က အကောင်းဆုံး လုပ်နိုင်ဖို့ပဲ စဉ်းစားတယ်။ ဒါက ကိုယ်တတ်နိုင်တဲ့အရာ။ တုံ့ပြန်မှုက ကိုယ်နဲ့မဆိုင်ဘူး။ ချီးကျူးမှုမှာ သာယာပြီး ဝေဖန်မှုမှာ စိတ်ညစ်မနေဖို့က အရေးကြီးတာ။

ဒီမေးခွန်းကို ကြားရပြီး ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး အမြဲအားပေး သင့်တယ်။ ဒါမှ စိတ်ဓာတ်မကျအောင် လုပ်ပေးနိုင်မှာ။ လူငယ် အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ မိသားစုအချင်းချင်း အားပေးနေကြဖို့လိုတယ်။ ပင်ပန်းလှတဲ့ လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး လေးစားပြီး၊ လက်ခံပြီး အားပေးအားမြှောက် ပြုသင့်တာ။

ခွန်အားတွေရသွားတာကို ကျေနပ်မိ

ဒုတိယဟောပြောပွဲက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သင်တန်းတစ်ခုမှာ ကျွန်တော့်ကို စဉ်ဆက်မပြတ် ရည်မှန် ချက်အကြောင်း ဟောပြောဖို့ တာဝန်ပေးခဲ့တယ်။ စီးပွားရေး ခေါင်းစဉ်။ အထူးသဖြင့် နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး အတွေးအခေါ်အယူအဆဖြစ်တယ်။ အခုလို တင်ပြရင်းနဲ့ ကျွန်တော်က ဆရာကြီး ပါမောက္ခ ဒေါက်တာဦးလှမြင့်အကြောင်း ပြောမိတယ်။ အမေးအဖြေအပိုင်းရောက်တော့ သင်တန်းသားတစ်ဦးက ဆရာကြီးဦးလှမြင့်လို ထင်ရှားတဲ့ မြန်မာ့စီးပွားရေးပညာရှင်အကြောင်းပြောပါလို့ တောင်းခံလာတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့် ဆရာပါမောက္ခ ဒေါက်တာမြင့်လေးအကြောင်း တင်ပြမိတယ်။ လူမျိုးခြား ဖြစ်တာမို့ ရသင့်တဲ့ အခွင့်အရေး မရရှိခဲ့ရှာဘူး။ ကပြားဖြစ်ခြင်းက အပြစ်မဟုတ်ကြောင်း ကျွန်တော်က ပြောခဲ့တယ်။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူပါ။ တချို့ကိစ္စတွေက ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် မဟုတ်ဘဲ အခြေအနေကြောင့် ပေါ်ပေါက်လာတဲ့အရာတွေ။ ဒါကြောင့် အခုလိုခွဲခြားဆက်ဆံမှုမဖြစ်သင့်ဘူးလို့ တင်ပြမိတယ်။

ကျွန်တော် သင်ခန်းစာအပြီးမှာ သင်တန်းသားတွေနဲ့ ဓာတ်ပုံရိုက်နေတုန်း သင်တန်းသူတစ်ဦးက ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း လာပြောပါတယ်။ အခုလို ပြောတာ တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြောင်းကိုလည်း ပြောခဲ့တယ်။ သူက ကပြားတစ်ဦး ဖြစ်တာမို့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတာကို ပြောပြခဲ့တယ်။ ကျွန်တော့်စကားကြောင့် ခွန်အားရသွားတာကို ကျေနပ်မိပါတယ်။ ကျွန်တော့်အယူအဆကို လက်ခံကြမှာ မဟုတ်ပါဘူး။ ဝေဖန်ကြမှာ သေချာပါတယ်။ ကိစ္စမရှိပါဘူး။

နောက်ဆုံးဟောပြောပွဲက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ။ ဟောပြောပွဲတစ်ခုလုပ်တဲ့အခါမှာ ကမကထလုပ်ပေးတဲ့ လုပ်ငန်းတွေ၊ ပုဂ္ဂိုလ်တွေက လိုအပ်တယ်။ ဒီအထဲမှာ မြန်မာမုန့်လုပ်ငန်းကို ဦးစီးဦးဆောင်လုပ်နေသူက ကျွန်တော့် ဟောပြောပွဲတွေ တက်ရောက်ခဲ့တယ်။ တစ်ချိန်က ကျွန်တော်အားပေးခဲ့လို့ အခုတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီး အောင်မြင်နေကြောင်း ပြောပြပါတယ်။ သူပြောတာကြားရပြီး ကိုယ်က အမှတ်မထင် ပြောခဲ့ပေမယ့် ဘဝပြောင်းသွားတာကို ကြားသိရတော့ အံ့သြမိတယ်။ ကျေနပ်မိပါတယ်။

အပြန်အလှန် မျှဝေခြင်းသာဖြစ်

ဟောပြောပွဲတွေ လုပ်တာဟာ ကိုယ်ကမျှဝေရုံမက ပရိသတ်တွေကတစ်ဆင့် ကိုယ့်ရဲ့အသိ၊ ကိုယ့်ရဲ့အမြင်တွေ တိုးပါတယ်။ ပရိသတ်တွေရဲ့ ဆွေးနွေးချက် မေးခွန်းတွေကြောင့် ကျွန်တော်မသိတာတွေ၊ မစဉ်းစားမိတာတွေ သိခွင့်ရပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အမှန်တော့ ဟောပြောခြင်းဟာ နှစ်လမ်းသွားပါ။ အပြန်အလှန် အသိအမြင်တွေ၊ အယူအဆတွေ မျှဝေကြခြင်းဖြစ်တယ်။ ကိုယ်ကပေးရုံမဟုတ်ဘဲ ကိုယ်က ပြန်ရခြင်းပါ။ ပြန်ရတဲ့အခါမှာ လည်း ကိုယ်ပေးတာထက် ပိုပြီးရပါတယ်။

ဟောပြောပွဲနဲ့ ပတ်သက်ပြီး ခေတ်မီနည်းပညာတွေကြောင့် ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာသူတွေအတွက် သာမက လူမှုကွန်ရက်ကတစ်ဆင့် လူတိုင်းဆီရောက်အောင် ဖြန့်ဝေနိုင်တဲ့ အခွင့်အရေးရှိနေပါပြီ။ ဒီတိုးတက်မှုဟာ အလွန်ထူးခြားတဲ့ ပြောင်းလဲမှုတစ်ရပ်ပါ။ လေ့လာချင်သူတွေ၊ ပညာလိုသူတွေအတွက် အလွန်အဆင်ပြေလှပါတယ်။ ဟောပြောသူရဲ့ တာဝန်ဟာ ကြီးမားတာကိုလည်း သတိပြုရမယ်။ ပရိသတ်တွေကို လေးစားရမယ်။ တင်ပြချက်တွေ ပြည့်စုံအောင်လုပ်ရမယ်။ ဟောပြောပွဲဟာ ပညာရပ်တစ်ခုခုကို အခြေခံပြီး ဆောင်ရွက်ရမှာ။ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေနဲ့ မနစ်မျောနေသင့်ဘူး။ အတင်းတွေ၊ အဖျင်းတွေ၊ အစွန်းတရားတွေ ရှောင်ဖို့လိုတယ်။ အခုတော့ ဟောပြောပွဲ ယဉ်ကျေးမှု ပျံ့နှံ့နေတာ တွေ့ရတယ်။ အခုလိုဖြစ်တာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဟောပြောသူတွေရဲ့ တာဝန်ကိုတော့ သတိထားစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပရိသတ်တွေ ရှိသရွေ့ ဟောနေမှာပါ။ ကိုယ့်ကြောင့် ပရိသတ်တွေအတွက် အကျိုးရှိမယ်လို့ ယူဆနေသရွေ့ ဆက်လုပ်နေမှာသာ ဖြစ်ပါတယ်။ ။

မြန်မာ့အလင်း