ကနဦးမဲရလဒ်များအရ အာဖဂန်နစ္စတန်သမ္မတ အက်ရှရက်ဖ်ဂါနီ ဒုတိယရာထူးသက်တမ်းအတွက် အလားအလာကောင်း

ကဘူးလ်  ၂၃ ဒီဇင်ဘာ

 

အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ကနဦးရလဒ်များကို ရွေးကောက်ပွဲ အာဏာပိုင်များက ကြေညာ ခဲ့ပြီးသည့် နောက်တွင် အာဖဂန်နစ္စတန်သမ္မတ အက်ရှရက်ဖ်ဂါနီသည် ၎င်း၏သမ္မတ ဒုတိယသက်တမ်းအတွက် ကာကွယ် မှုပြုလုပ်လိုက်နိုင်လိမ့်မည်ဟု ယူဆရသည်။

 

ကနဦးမဲရလဒ်များအရ အက်ရှရက်ဖ်ဂါနီသည် မဲအရေအတွက် ကွာခြားမှုအနည်းငယ်ဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေသည်ကို တွေ့ရသည်။

 

စက်တင်ဘာ ၂၈ ရက်နေ့က ရွေးကောက်ပွဲတွင် ၎င်းသည်မဲအရေ အတွက် ၅၀ ဒသမ ၆၄ ရာခိုင်နှုန်း အနိုင်ရခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

 

ဆန္ဒပြမှုများ၊ လိမ်လည်သည်ဟု စွပ်စွဲမှုများကြားတွင် ကနဦးရလဒ် ထွက်ပေါ်လာရန် အချိန်နှောင့်နှေး ခဲ့ရသည်။

 

၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဗ္ဗဒူလာမှာ မဲအရေအတွက် ၃၉ ဒသမ ၅၂ ရာခိုင်နှုန်းရရှိခဲ့သည့် အတွက် ဒုတိယ အကျော့ထပ်မံ ယှဉ်ပြိုင်မည့်အရေးမှ အလွယ်တကူ ရှောင်ရှားသွားနိုင်မည် ဖြစ်သည်။

 

နောက်ဆုံးရလဒ် မကြေညာမီ သမ္မတလောင်း ပြိုင်ပွဲဝင်များသည် မကျေနပ်ချက်များကို သုံးရက်အတွင်း တိုင်တန်းနိုင်သည်။

 

ယခုရလဒ်ကို အာဖဂန်နစ္စတန် လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီးသည့် နောက် အဗ္ဗဒူလာ၏ရုံးမှ ယခုရလဒ် ကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။

 

ကျွန်ုပ်တို့၏ ပြည်သူများ၊ ထောက်ခံသူများ၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် အပြည်ပြည်ဆိုင်ရာမှ မဟာမိတ်များ ထင်ရှားစွာ သိစေလိုသည့်အချက်မှာ ကျွန်ုပ်တို့အဖွဲ့ အနေဖြင့် မဲရလဒ်မမှန်ကန်မှုကို လက်ခံသွားမည်မဟုတ်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ကနဦး ရလဒ်များကို အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာရန် စီစဉ်ခဲ့သော်လည်းနည်း ပညာပိုင်းဆိုင်ရာ ပြဿနာများ၊ မဲလိမ်ညာသည်ဟုဆိုကာ ပါဝင်ယှဉ်ပြိုင်ကြသူများ၏ တိုင်တန်းမှုများ ကြောင့်သော်လည်းကောင်း ရလဒ်ထုတ်ပြန်ကြေညာရန် အကြိမ်ကြိမ် နှောင့်နှေးခဲ့ရသည်။

 

လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဟာဝါအလမ်နူရီ စတန်နီက ရိုးသားစွာ၊ သစ္စာရှိစွာ၊ တာဝန်ကျေပွန်စွာဖြင့် မိမိတို့တာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဒီမိုကရေစီတည်တံ့ ခိုင်မြဲရေးကို အလိုရှိသည့်အတွက် မဲတစ်ခုချင်းစီကို တန်ဖိုးထားခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

 

အေအက်ဖ်ပီ