ကပ်ရောဂါပိုးကူးစက်မှုနှုန်း များနေတဲ့အတွက် နယူးယောက်စီးတီးရှိ စားသောက်တွေမှာ ဆိုင်တွင်း ထိုင်စားခွင့် ပိတ်ပင်

၁၂ ဒီဇင်ဘာ

အမေရိကန်နိုင်ငံ နယူးယောက်စီးတီး (NYC) ရှိ စားသောက်ဆိုင်တွေမှာ ဆိုင်တွင်းထိုင်စားခွင့်ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုများနေတဲ့အတွက် ပိတ်ပင်လိုက်ကြောင်း အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တနင်္လာနေ့ကစပြီး ဆိုင်အတွင်းထိုင်စားခွင့် ပိတ်ပင်လိုက်ပေမယ့် ဆိုင်အပြင်မှာ စားသောက်ခွင့်နဲ့ ပါဆယ် ရောင်းချခွင့်တော့ရှိကြောင်း၊ ဆေးရုံကုသခံယူနေမှုဟာ များနေကြောင်းနဲ့ NYC ရဲ့ လူနေထူထပ်မှုကြောင့်  ဆိုင်တွင်းထိုင်စားမှုအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။

နယူးယောက်ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇၄၃,၂၄၂ ဦး ရှိပြီး သေဆုံးသူဟာ အနည်းဆုံး ၃၅,၂၆၆ ဦး ရှိတဲ့အတွက် အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံး ပြည်နယ် ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်ဟာ ကနဦး ရောဂါပိုးကူးစက်ပျံ့နှံ့ရာ ဗဟိုနေရာဖြစ်ပြီး နွေဦးရာသီနဲ့ နွေကာလ အစောပိုင်းတို့မှာ သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Pfizer မှာ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအလုံး ၁၇၀,၀၀၀ ဟာ ရက်ပိုင်းအတွင်း ရောက်ရှိမှာဖြစ်ပြီး  Moderna ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး  ၃၄၆,၀၀၀ လုံးဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ရရှိမှာဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

MDN

ကိုးကား - AFP

mdn