ကရာတေးပြိုင်ပွဲ ပထမနေ့တွင် မြန်မာအသင်း အစွမ်းပြပြီး ရွှေဆုလေးခုရယူ

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်ပြိုင်ပွဲ၏ ကရာတေးပြိုင်ပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ မြန်မာကရာတေးအဖွဲ့က ရွှေတံဆိပ်
လေးခု ရယူနိုင်ခဲ့သည်။

မြန်မာကရာတေးအဖွဲ့သည် ပြိုင်ပွဲပထမနေ့တွင် ကျင်းပသည့် ခတပြိုင်ပွဲအားလုံးတွင် ရွှေဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာကရာတေးအဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို ခတအသင်းလိုက် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ ခတ တစ်ဦးချင်း အမျိုးသားပြိုင်ပွဲတွင် မင်းဟိန်းခန့်၊ အမျိုးသမီးပြိုင်ပွဲတွင် သဇင်အေးတို့က ရရှိခဲ့သည်။ ခတ အသင်းလိုက် အမျိုးသားပြိုင်ပွဲတွင် မြန်မာက ရွှေဆု၊ ထိုင်းက ငွေဆု၊ အမျိုုးသမီးပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ မလေးရှားက ငွေတံဆိပ်၊ ခတ တစ်ဦးချင်း အမျိုးသမီးပြိုင်ပွဲတွင် သဇင်အေး (မြန်မာ) က ရွှေတံဆိပ်၊ ထိုင်းက ငွေတံဆိပ်၊ မလေးရှားက ကြေးတံဆိပ်၊ အမျိုးသားပြိုင်ပွဲတွင် မင်းဟိန်းခန့် (မြန်မာ) က ရွှေတံဆိပ်၊ မလေးရှားက ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်ရရှိသည်။ ကုမိတဲ့ ၆၁ ကီလို အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေတံဆိပ်၊ မလေးရှားက ငွေတံဆိပ်၊ မြန်မာနှင့် ထိုင်းက ပူးတွဲကြေးတံဆိပ်၊ အမျိုးသား ၇၅ ကီလိုတန်းပြိုင်ပွဲတွင် မလေးရှားက ရွှေတံဆိပ်၊ ထိုင်းက ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်ရရှိသည်။

ကရာတေးပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ ၁၇ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်