ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှ ဟိုတယ်လုပ်ငန်းတစ်ခုအား အတည်ပြုမိန့် ထုတ်ပေး

ဘားအံ   ဇန်နဝါရီ    ၂၈

 

ကရင်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် ဟိုတယ်လုပ်ငန်းတစ်ခုအား ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁/၂၀၂၂) အစည်းအဝေးမှ ကော်မတီအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုမိန့် ထုတ်ပေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံကောင်းများရှိသည့်အတွက် လာရောက် ရင်းနှီးမြှုပ်နှံရန် ရေခံမြေခံကောင်းသည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ကိုဗစ်အလွန်ကာလတွင် ဒေသတွင်းခရီးသွား လုပ်ငန်းများ ပိုမိုကျယ်ပြန့် လာစေရေးအတွက် ခရီးစဉ်ဒေသသစ်များကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း၊ လာရောက် ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့လုပ်ကိုင်သည့် လုပ်ငန်းများကိုလည်း ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်ပေးလျက် ရှိကြောင်း” ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၆-0.S.S၊ ထမ္မလောက်ကြေး တိုင်ပြင်ကွင်း မြေဧရိယာ ၈ ဒသမ ၄၁ ဧကတွင် ဟိုတယ်လုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းအပေါ် အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေးခဲ့ကြပြီး ကော်မတီအဖွဲ့ဝင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အတည်ပြုမိန့် ထုတ်ပေးခဲ့ကြသည်။

 

ထို့နောက် အထွေထွေဆွေးနွေးခြင်းအနေဖြင့် မြဝတီမြို့နယ်ရှိ သစ်တောကြိုးဝိုင်းမြေ မြေငှားရမ်းခြင်း စာချုပ် မှတ်ပုံတင်ခြင်းကိစ္စ၊ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်နိုင်ရေး ကွင်းဆင်း Survey ဆောင်ရွက်ခဲ့မှု ကိစ္စတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)