ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၄၃ ကျောင်း အဆင့်တိုးမြှင့်

ဘားအံ ၁၄ ဇွန် 


ကရင်ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းပေါင်း ၂၄၃ ကျောင်းအား ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


ကျောင်းအဆင့်တိုးမြှင့်ပေးရခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးငွေစိုးက ῝ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ခွင့်တွေပေးရမယ်၊  အခြေခံပညာမူလတန်းအဆင့်ကို နိုင်ငံသားတိုင်း သင်ယူခွင့်ရှိရမယ်ဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ နှစ်(၃၀)ရေရှည်စီမံကိန်းအရ သွားနေတဲ့အခါကျတော့ နိုင်ငံသားတိုင်း ဟာ အလွယ်တကူ အခြေခံပညာရပ်တွေကို သင်ယူတဲ့အခွင့်အလမ်းတွေရရှိနိုင်စေရန်အတွက် ချောင်းခြား၊ မြစ်ခြားတွေ သွားလာရခက်ခဲတဲ့ အရပ်ဒေသတွေမှာဆိုရင် မူလတန်းပြီးရင် မူလွန်၊ မူလွန်ပြီးရင် အလက(ခွဲ)၊ အလက(ခွဲ)ပြီးရင် အလယ်တန်းကျောင်း အဲဒီလို အဆင့်ဆင့် အဆင့်တိုးမြှင့်ပေးသွားတဲ့အခါကျတော့ ဒီကလေးတွေဟာ မိဘရပ်ထံ(မိဘ နေအိမ်)ကနေ အလွယ်တကူ ပညာသင်ကြားခွင့်ရတဲ့အတွက်ကြောင့် ကျောင်းနေနှုန်းတွေ မြင့်မားလာမှာဖြစ်ပါတယ် ῍ ဟု ပြောပြခဲ့သည်။


ကရင်ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အထက်တန်းကျောင်း (၈) ကျောင်း၊ အလယ်တန်း ကျောင်း(၃၉)ကျောင်း၊ မူလတန်းကျောင်း(၅၀)ကျောင်း၊ အထက်တန်ကျောင်းခွဲ(၂၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၅၀)ကျောင်း၊ မူလတန်းကျောင်းခွဲ (၃၆)ကျောင်း စုစုပေါင်းအခြေခံပညာ ကျောင်းပေါင်း ၂၄၃ ကျောင်းအား ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။


ကရင်ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အရ ကျောင်းသား ကျောင်းသူနှင့် ဆရာ၊ ဆရာမ အချိုးနှုန်းမှာ မူလတန်း အဆင့်တွင် ၁ အချိုး ၂၃ ၊ အလယ်တန်းအဆင့်တွင် ၁ အချိုး ၂၉ ၊ အထက်တန်းအဆင့်တွင် ၁ အချိုး ၂၃ ရှိသည့် အတွက် ကျောင်းသား၊ ဆရာအချိုးမှာ မျှတမှုရှိကြောင်း၊ ပြည်နယ်အတွင်း ပညာရေးကဏ္ဍ တိုးတက်မြှင့်မားရေးအတွက် အဆောက်အဦပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ တိုးတက်ရန် လိုအပ်နေသေးကြောင်း၊ စိတ်ပိုင်းဆိုင်ရာအနေဖြင့် ကလေးများ၏ အတတ်ပညာ၊ အသိပညာများ စနစ်တကျဖွံ့ဖြိုး တိုးတက်စေရန်အတွက် သင်ပြနည်း မှန်မှန်ဖြင့် အရည်အသွေးရှိသည့် ဆရာ၊ ဆရာမကောင်းများ လိုအပ်နေသေးကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ သင်ခန်းစာများကို တစ်နှစ်တာပတ်လုံး ကြေညက်အောင် လေ့လာမှတ်သား သွားမည်ဆိုပါက ကရင်ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့အတွက် လိုအပ်ချက်များကို ဖြည့်စွက်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ပညာရေးမှူးရုံးများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  ကျောင်းသားမိဘများ အားလုံးလက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

    
စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

1