ကရင်ပြည်နယ်အတွင်း ဆီဖူလုံမှုပြည့်မီစေရေး ဆီထွက်သီးနှံများ အရှိန်အဟုန်မြင့် တိုးချဲ့စိုက်ပျိုးသွားမည်

ဘားအံ        စက်တင်ဘာ        ၂၄

 

ကရင်ပြည်နယ်တွင် ဆီးဖူလုံမှုမှာ ၇၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၁၀၀ ရာနှုန်းပြည့်မီကျော်လွန် ဖူလုံစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဆီဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ()၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက ၂၀၂၂-၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အတွင်း ဆီဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်မိုးအောင်က ဆီထွက်သီးနှံစိုက်ဧရိယာများ လျာထားဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘားအံ၊ ကော့ကရိတ်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ မြဝတီ) ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်းဆီဖူလုံရေး ခရိုင်အလိုက်သုံးသပ်တင်ပြကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)