ကရင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများအား လေးစားလိုက်နာကာ လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရေး ဝန်ထမ်းအားလုံးက ပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ကြရန်နှင့် ဦးစီးဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာရှိ သမ္ဘာန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသို့ ရောက်ရှိကာ Contract Farming စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသို့ရောက်ရှိပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ သင်တန်းသားများ ရက်ကန်းလုပ်ငန်းနှင့် သဘာဝဆိုးဆေးနည်းပညာ လက်တွေ့လေ့ကျင့်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဘားအံမြို့နယ် အိမ်ခြေ (၁၈၆၃) အိမ်၊ လူဦးရေ (၁၀၃၃၀) ရှိ ထုံးအိုင်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်ပေးနေပါကြောင်း၊ ယခုအခါ ကရင်ပြည်နယ်အတွင်း အခြေခံမူ (၁၅)ချက်နှင့် ကိုက်ညီသော ကျေးရွာ(၃)ရွာကို ရွေးချယ်ပြီး ဦးစီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခေတ်မီစံပြကျေးရွာ (SMART Village) များကို ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေခြင်းနှင့် ကျေးရွာသူ/ ကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြင့်မားလာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရရှိစေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ ဒေသခံများကလည်း မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လိုအပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်