ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၉၁ ရွာတွင်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

နေပြည်တော် ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၉၁ ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၉၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ် မြို့နယ် ငါးခုမှာရှိတဲ့ ကျေးရွာပေါင်း ၉၁ ရွာကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ ရန်ပုံငွေ ငွေကျပ်သန်း ၉၁၀ ၊ ပြည်သူထည့်ဝင်ငွေကျပ် ၄၇၃ ဒသမ ၅၉ သန်း၊ စုစုပေါင်း ငွေကျပ် ၁၃၈၃ ဒသမ ၅၉ သန်းနဲ့ ကျေးရွာအဝင်လမ်းနဲ့  ကျေးရွာတွင်းလမ်းတွေကို အဆင့်မြှင့် တင်ခြင်းလုပ်ငန်း ၅၇ ခု၊ တံတား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု၊ ကျေးလက်ရေပေး ရေးလုပ်ငန်း ၁၁ ခု၊ ကျေးလက် မီးလင်းရေး လုပ်ငန်း ၉ ခု၊ ဘက်စုံသုံးခန်းမတည် ဆောက်ခြင်းလုပ်ငန်း ၉ ခု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်း လုပ်ငန်း ၁ ခု အခြားဖွံ့ဖြိုး ရေးလုပ်ငန်း ၃ ခုကို  အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကျွန်တော်တို့ ဌာနအနေနဲ့  နည်းပညာပံ့ပိုးကူညီတဲ့အပြင် အနီးကပ်ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခဲ့တာကြောင့် အခုဆိုရင် (၉၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်” ဟု ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင် ကပြောကြားသည်။ 

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများကို ကျေးလက်နေ ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး စီမံချက်များရေးဆွဲဖော်ထုတ်နိုင် စေရန်၊ ဦးစားပေးစီမံချက်များပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက်လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် ဦးစီး ဌာနများမှ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို LIFT Fund နည်းပညာ အကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံကိန်းက  ကျေးရွာတွေရဲ့ ပကတိလိုအပ်ချက် တွေကို ဦးစားပေး အစီအစဉ်အလိုက် လုပ်ငန်းစီမံချက်တွေရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင် ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းတွေအတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီ အစဉ်တွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက်  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အလွယ်တကူ ဆောင်ရွက် နိုင်ခဲ့ ပါတယ်” ဟု ပြည်နယ်ဦးစီးမှူးက ဆက်လက်ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာရေးနှစ်တွင်  မြို့နယ်(၃)မြို့နယ်အတွင်းရှိ ကျေးရွာ(၁၈)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၁၈)ခုကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ် သန်း ၁၈၀၀ ၊ ပြည်သူထည့်ဝင်ငွေကျပ် ၅၂ ဒသမ ၁၆၅ သန်းဖြင့်   ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)