ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမည်

ဘားအံ  ၄  ဇူလိုင် 

မြန်မာနိုင်ငံတွင်ပိုလီယိုအရိုင်းပိုးကို (၂၀ဝ၇) ခုနှစ်တွင်လည်းကောင်း၊ အသွင်ပြောင်းပိုလီယိုပိုးကို (၂၀၁၅) ခုနှစ်တွင်လည်းကောင်း နောက်ဆုံးတွေ့ရှိခဲ့ပြီး ပိုလီယိုကင်းစင်ကြောင်းကြေငြာခဲ့သည့်နောက်ပိုင်း ကရင်ပြည်နယ်၊ ဖါပွန်မြို့နယ်၊ဆင်စွယ်ကျေးရွာတွင်နေထိုင်သောအသက်(၂)နှစ်အရွယ်ကလေးငယ်တစ်ဦးတွင် အသွင်ပြောင်းပိုလီယို အကြောသေရောဂါပိုးကိုတွေ့ရှိခဲ့သည့်အတွက် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး၊ မွန်ပြည်နယ် သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်တို့တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့်အသိပေးဆွေးနွေးပွဲမှ သိရသည်။

 

1

 

အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ῝လက်တလောပျော့ခွေအကြောသေထောက်လှမ်းကြည့်ရှု့တဲ့စနစ်နဲ့ရောဂါဖြစ်ပွားနေတာကိုသိရှိရပြီးတော့ ဒီရောဂါ ပိုးဟာမစင်ကနေသွားတာဖြစ်တဲ့အတွက်ပျံ့နှံကူးစက်ရလွယ်ကူတယ်၊ အဲဒီဒေသမှာရှိတဲ့ကလေးတွေကတစ်ယောက် ပြီးရင် တစ်ရာ၊ တစ်ရာကနေ တစ်ထောင် ကူစက်နိုင်တယ်၊ နေ့တိုင်းနေ့တိုင်းကူးနေမှာဖြစ်တယ်၊ အဲဒါကိုသိပြီးတော့ အားလုံးက ဝိုင်းကူဖို့လိုပါတယ် ῍ ပြောသည်။

 

4

 

ဝေလံခေါင်းပါးပြီး သွားလာရခက်ခဲသော နေရာဒေသများအတွက် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေသည့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ မျှော်မှန်းကလေးဦးရေ (၃)သိန်းကျော်အား ပိုက်စိတ်တိုက် ပိုလီယို ကာကွယ်ဆေး အပိုဆောင်း(၃)ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်၊ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန၊ အကြီးတန်း အတိုင်ပင်ခံဒေါက်တာမာတာက ကျွန်တော်တို့အင်တိုက်အားတိုက်ပူးပေါင်းလုပ်ဆောင်သွားမယ်၊ KNU ခေါင်းဆောင် ပိုင်းကို သွားရောက်ရှင်းလင်းတင်ပြပြီးတော့ မြို့နယ်(၇)မြို့နယ်လုံးနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ ကာကွယ်ဆေး တိုက်ကျွေးနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းအင်အားတိုးမြင့်ဆောင်ရွက်သွားပါမယ်၊ ရောဂါဆိုတာနယ်ခြားမရှိတဲ့အတွက် ကြောင့် ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်တစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကလည်းအဓိကဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ကိုဖော်ဆောင်ရင်းနဲ့ ကျန်းမာရေးကိုလည်း ရာနှုန်းပြည့်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ပြောသည်။

 

5

 

အသွင်ပြောင်းပိုလီယိုအကြောသေကာကွယ်ဆေးကို (၃)ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ပြီး ဇူလိုင်လ(၇)ရက် နေ့မှ(၉)ရက်နေ့ထိ ပထမအကြိမ်၊ ဇူလိုင်(၂၁)မှ(၂၃)ထိ ဒုတိယအကြိမ်၊ သြဂုတ်လ(၄)မှ(၆)ထိ တတိယအကြိမ် တိုက်ကျွေးသွားမည်ဖြစ်ရာ ပိုးတွေ့ရှိသည့် ဖါပွန်မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၁၅)နှစ်အရွယ် ကလေးငယ်တိုင်း နှင့် ကျန်မြို့နယ်များတွင် မွေးစမှအသက်(၅)နှစ်အရွယ်ကလေးငယ်တိုင်းကို ကာကွယ်ဆေးတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)