ကရင်ပြည်နယ်၏ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့်ကဏ္ဍပေါင်းစုံကို အကျိုးပြု ထောက်ကူပေးနိုင်မည့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း

ဘားအံ ၃၀ မေ

 

ကရင်ပြည်နယ်၏ အဓိကကျသော ဆက်သွယ်ရေးလမ်းပိုင်းဖြစ်ပြီး ဘားအံ- ကျုံဒိုး- ကော့ကရိတ်- မြဝတီမြို့များနှင့် ကျေးရွာပေါင်းများစွာကို ဖြတ်သန်းသွားကာ မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်းသည် ကုန်စည်စီးဆင်းရာတွင် အရေးပါရုံသာမက ကရင်ပြည်နယ်၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်အခွန်ဘဏ္ဍာငွေများ ကောက်ခံရရှိမှု အများဆုံး လမ်းပိုင်းထဲတွင် တစ်လမ်းအပါအဝင်ဖြစ်သည်။

 

အိန္ဒု-ကော့ကရိတ်လမ်းပိုင်းသည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၊ ဒါနန်းဆိပ်ကမ်းမှစ၍ လာအိုနိုင်ငံနှင့် ထိုင်းနိုင်တို့ကို ဖြတ်သန်းလာပြီး  မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မဲဆောက်မှတစ်ဆင့် မြဝတီမြို့ကိုဖြတ်၍ ကော့ကရိတ်- ကျုံဒိုး- ဘားအံ- ရန်ကုန်- မန္တလေး- တစ်မူးမြို့များမှတစ်ဆင့် အိန္ဒိယနိုင်ငံကို ဆက်သွယ်ထားသော အာရှလမ်းမကြီးပေါ်တွင် တည်ရှိသည့် နိုင်ငံတကာဆက်သွယ်ရေး လမ်းပိုင်းဖြစ်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ယာဉ်အမျိုးမျိုးအတွက် သင့်တော်သော နိုင်ငံတကာအဆင့်မီ နှစ်လမ်းသွားလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။

 

အိန္ဒု-ကော့ကရိတ်လမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ အာဆီယံ အခြေခံအဆောက်အဦရန်ပုံငွေ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၊ နိုင်ငံတော်အစိုးရမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၈ သန်း လျာထားကျခံ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံ China Road and Bridge Corporation (CRBC) ကုမ္ပဏီမှ ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူအဆင့်မြှင့် တင်ဆောင်ရွက်နေသော လမ်းပိုင်းဖြစ်သည်။

 

ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်နေစဉ် ကာလအတွင်း ၂၀၁၇ ခုနှစ်ခန့်က လွန်းညတောင်တွင် လမ်းခင်းကျောက် ထုတ်ယူသုံးစွဲမှုအပိုင်းနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ADB ဘဏ်မှ ချေးငွေပေးချေမှုကို တစ်နှစ်ခွဲခန့် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၉ ခုနှစ် မေလခန့်မှသာ ချေးငွေပေးချေမှုကို ပြန်လည်ခွင့်ပြုပေးခဲ့သည့်အတွက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း တစ်နှစ်ခွဲခန့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရကာ ယခင်နှစ် မိုးရာသီ ရေကြီးရေလျှံမှုများဖြစ်ပေါ်သည့်ကာလတွင် ကုန်တင်ယာဉ်ကြီးများ သွားလာရခက်ခဲပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ယခုနှစ်တွင် မြေယာလျော်ကြေးငွေညှိနှိုင်းမှု ကိစ္စရပ်များကြောင့် ကျန်နေခဲ့သည့် ၄ ကီလိုမီတာခန့်ရှိ လမ်းပိုင်းမှအပ ကျန်လမ်းပိုင်းများအားလုံးကို (As of Concrete Base Course) ဟုခေါ်သည့် နိုင်လွန်ကတ္တရာ အခြေခံလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ကုန်တင်ယာဉ်ကြီးများ သွားလာရခက်ခဲ၍ လမ်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် အကောင်းဆုံးဆောင်ရွက်ထားနိုင်ပြီ ဖြစ်သည်။

 

အိန္ဒု-ကော့ကရိတ် လမ်းပိုင်းသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နှင့် ဘားအံခရိုင်၊ အိန္ဒုကျေးရွာကြားတွင် တည်ရှိပြီး အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို အပိုင်း ၂ ပိုင်းခွဲ၍ Lot-1 အနေဖြင့် အိန္ဒကျေးရွာမှ ဂျိုင်းတံတားထိ ၄၀ ဒသမ ၄၄ ကီလိုမီတာ၊ Lot-2 အနေဖြင့် ဂျိုင်းတံတားအလွန် ကျုံဒိုးမြို့မှ ကော့ကရိတ်ထိ ၂၄ ဒသမ ၂၉၅ ကီလိုမီတာရှိကာ စုစုပေါင်းလမ်းအရှည် ၆၄ ဒသမ ၇၃၅ ကီလိုမီတာနှင့် အကျယ် ၁၀ မီတာရှိ၍ ဘေးအန္တရာယ်ကင်းရှင်းသော ၂ လမ်းသွားလမ်းမကြီးအဖြစ် အာဆီယံစံချိန်စံနှုန့်များနှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရာသီမရွေး အချိန်ကာလမရွေး သွားလာအသုံးပြုနိုင်ရန်အတွက် နှစ်စဉ်မိုးရာသီတွင် ရေကျော်လေ့ရှိသည့် ကျားကလေးနှင့်ဂျိုင်းကြားကို တားပေါင်ဖို့၍မြှင့်တင်ခြင်း၊ လမ်းဆုံလမ်းခွများကို အဆင့်မြှင့်တင်ခြင်း၊ လမ်းသွားလမ်းလာများနှင့် အနှေးယာဉ်များ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် လမ်းပခုံးတည်ဆောက်ခြင်းတို့အပြင် (RC)တံတား ၁၉ စင်း၊ Box Culvert ၇၈ စင်းနှင့် Pipe Culvert ၁၄ စင်းတို့ကိုထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။

 

ယခုလက်ရှိ မေလကုန်ထိ မိုးမကျမီတွင် မြေယာလျော်ကြေးညှိနှိုင်းမှုကြောင့် ကျန်နေခဲ့ရသည့် ၄ ကီလိုမီတာခန့်ရှိ လမ်းပိုင်းမှလွှဲ၍ အခြေခံကတ္တရာကွန်ကရစ်ခင်းခြင်း (Aggregate Base Course Paving) လုပ်ငန်းကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ကျန်ရှိနေသည့် ၄ ကီလိုမီတာခန့်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ပေးမှုကြောင့် မြေယာလျော်ကြေးလက်ခံရယူရန် ကျန်ရှိနေသည့် ဒေသခံများက သဘောတူခွင့်ပြုပြီဖြစ်သည့်အတွက် လာမည့်ပွင့်လင်းရာသီတွင် လမ်းလုပ်ငန်းကို အရှိန်အဟုန်တိုးမြှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်နေကြောင်း ကော့ကရိတ်ခရိုင် လမ်းဦးစီးဌာနမှူးရုံးမှ သိရသည်။

 

အဆိုပါလမ်းပိုင်းသည် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလမတိုင်မီက နေ့စဉ်ပျှမ်းမျှ မော်တော်ယာဉ် အစီးရေသုံးထောင်မှ လေးထောင်ကျော်ခန့်ထိ ဖြတ်သန်းသွားလာ၍ အများစုမှာ ကုန်စည်စီးဆင်းမှုတွင် အသုံးပြုနေကြသည့် ကုန်တင်ယာဉ်ကြီးများဖြစ်ပြီး လမ်းများကောင်းမွန်လာသည့်အတွက် မြန်မာနိုင်တစ်ဝန်းရှိ ခရီးသွားပြည်သူလူထုများမှ မြဝတီမြို့နှင့် ထိုင်းနိုင်ငံသို့ အလည်အပတ် ဘုရားဖူးသွားလာရာတွင် ယခုလမ်းကိုသာ အလွယ်တကူအသုံးပြု၍ သွားလာကြသည့်အတွက် ခရီးသည်တင်ယာဉ်နှင့် လူစီးကားများလည်း ယခင်ကထက် ဖြတ်သန်းသွားလာမှု ပိုမိုများပြားလာကြောင်း သိရသည်။

 

“ဒီလမ်းကြီး ဒီစီမံကိန်းကြီးကို သတ်မှတ်ချက်အတိုင်း စံချိန်စံညွှန်းအတိုင်း အပြည့်အမီရရှိဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်၊ သတ်မှတ်တဲ့အချိန်အတွင်းမှာလည်း အမြန်ဆုံးပြီးစီးနိုင်အောင် ကြိုးစားနေပါတယ်၊ ဒီလမ်းကြီးပြီးသွားတာနဲ့တစ်ပြိုင်နက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အပြန်အလှန် ကုန်စည်စီးဆင်းမှုဟာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာမှာဖြစ်ပြီးတော့ သွားလာတဲ့ကြာချိန်လျော့နည်းပြီး ဘေးအန္တရာယ်ကင်းကင်းနဲ့ စရိတ်လည်းသက်သာမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာဆက်သွယ်ရေးလမ်း ဖြစ်တာနဲ့အညီ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံသွားလာမှု ပိုမိုတိုးတက်များပြားလာပြီး ဒေသခံတွေရဲ့ အတွေးအခေါ်၊ အသိအမြင်တွေလည်းကျယ်လာမှာ ဖြစ်ပါတယ်၊  ပြည်နယ်အတွက်သော်လည်ကောင်း၊ နိုင်ငံတော်အတွက်သော်လည်ကောင်း ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ရာသီမရွေး၊ အချိန်အခါမရွေး ဆက်သွယ်သွားလာနိုင်ပြီးတော့ အစစအရာရာ တိုးတက်ကောင်းမွန်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု စီမံကိန်းကို တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ကော့ကရိတ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး မင်းဗညားထောက ပြောသည်။

 

အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပြီးစီးရမည့်ရက်မှာ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့ ဖြစ်သော်လည်း ထိုနေ့ရက်ထက်စော၍ လာမည့်နှစ် ပွင့်လင်းရာသီအကုန်တွင် စောလျင်စွာအမြန်ဆုံးပြီးစီးနိုင်ရန် လမ်းဦးစီးဌာနနှင့် တာဝန်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)