ကရင်ပြည်နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ တိုးချဲ့သွားမည်

ဘားအံ ၁၁ ဖေဖော်ဝါရီ 

 

ကရင်ပြည်နယ်တွင် မတ်လအတွင်း၌ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ယခင်နှစ်ကထက် ထပ်မံတိုးချဲ့ပြီး ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

 

တက္ကသိုလ်ဝင် စားမေးပွဲကျင်းပပြုလုပ်တဲ့ ဘားအံ၊ မြဝတီ၊ သံတောင်ကြီး၊ ကော့ကရိတ် လှိုင်ဘွဲ့မြို့နယ်တွေမှာ စာစစ်ဌာန ထပ်မံတိုးချဲ့ပြီး ပြုလုပ်ကျင်းပမှာပါ။ အခုတိုးပြီး စာစစ်ဌာနဖွင့်တဲ့ နေရာတွေမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေဟာ တစ်ခြားစာစစ်ဌာနကို ခက်ခဲစွာ သွားလာနေထိုင်ရပြီးတော့ စာမေးပွဲဖြေနေရတဲ့အတွက် စာစစ်ဌာနကို တိုးချဲ့ပေးတာဖြစ်တယ်လို့ ယင်းက ပြောသည်။

 

ကရင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၃၇ ခုဖြင့်ဆောင်ရွက်ခဲ့ပြီး ယခုကျင်းပမည့် ၂၀၁၈ ခုနှစ် တက္ကသိုဝင်စာမေးပွဲတွင် စာစစ်ဌာန ၄၂ ခုအထိ တိုးမြှင့်ကာကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူ ၁၉၀၄၂ တို့ ဝင်ရောက်ဖြေဆိုသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

မတ်လအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်စာမေးပွဲတွင် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော ရွှေ့ပြောင်းနေထိုင်လျှက်ရှိသော မြန်မာရွှေ့ပြောင်းကျောင်းသာများလည်း ဝင်ရောက်ဖြေဆိုသွားမည့်အပြင် ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျခံလျက်ရှိသော ကျောင်းသား ၈ ဦး ကိုယ်အင်္ဂါမသန်စွမ်းသူ ၃ ဦးတို့လည်း ဝင်ရောက်ဖြေဆိုသွားကြမှာဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးစိုးမြင့်က ရှင်းပြသည်။

 

တိုင်းရင်းသားလက်နက်ကိုင် နယ်မြေအတွင်းရှိသော စာစစ်ဌာနများကိုလည်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေးအတွက် ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ကာ ၂၀၁၇ ခုနှစ် စာမေးပွဲတွင် ပြည်နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၆၀၃၁ ဦးရှိပြီး ၄၇၂၅ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၄၇ ရှိကြောင်း သိရသည်။

 

လာမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း တိုးတက်ရေးအတွက် ဆရာဆရာမများအား မွန်မံသင်တန်းများပေးခြင်း ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ကျောင်းများမှလည်း စာမေးပွဲဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောပေးလျှက်ရှိကြောင်း ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၇၈၃ ကျောင်းရှိကြောင်း ယခင်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာရွှေပြောင်းကျောင်းသား ၁၀၃ ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

 

မင်းထွန်းဇော်