ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဂျိုင်း-ကော့ကရိတ်တံတားသစ် တည်ဆောက်မှုလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

ဘားအံ ၃ ဇွန် 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် မဟာမဲခေါင်ဒေသခွဲ၏ အရှေ့-အနောက်စီးပွားရေးစင်္ကြလမ်း ကြောင်းပေါ်တွင် တည်ဆောက်လျက်ရှိသော ဂျိုင်း-ကော့ကရိတ် တံတားသစ် တည်ဆောက်မှုလုပ်ငန်းခွင်အား  ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီခွဲက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
    

c1

 


ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် အဆိုပါတံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ တာဝန်ခံအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတကာ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။

အဆိုပါတံတားသစ်သည် အရှည် ၁၉၀၃ ပေ၊ အကျယ် ၇၄ ပေ(လေးလမ်းမောင်းအကျယ်) ရှိပြီး သံမဏိကွန်ရက်ပြားများဖြင့် တည်ဆောက်ထားသော (၃)ခန်းတွဲ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ကာ ချဉ်းကပ်လမ်း ၁ ဒသမ ၂ ကီလိုမီတာကို ကြိုတင်သွန်းလောင်း ကွန်ကရစ်အချပ်ဖြင့် (၂) ခန်းတွဲ သံမဏိရက်မတံတားအဖြစ်  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ချေးငွေ ထောက်ပံ့မှုဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)