ဘားအံ ဇွန် ၁၀

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်ကြသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် အသက်(၁၈)နှစ်နှင့်အထက် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိလည်းကောင်း၊ အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ဇွန် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကာ ယနေ့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၂၅၂ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)