ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လူရည်ချွန်လေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် ထူးချွန်လူရည်ချွန် ကျောင်သား၊ ကျောင်းသူများအား တွေ့ဆုံ

ဘားအံ ဧပြီ ၂၄

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်မှနေ၍ လူရည်ချွန်လေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် ထူးချွန်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဧပြီ ၂၄ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံ၍ ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထိုသို့တွေ့ဆုံရာတွင် ထူးချွန်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏ စံနမူနာပြုကျောင်းသားလူငယ် လူရည်ချွန် မောင်မယ်များအနေဖြင့် မိမိတို့သွားရောက်ရမည့် လူရည်ချွန်စခန်များတွင် နိုင်ငံအနှံ့အပြားမှ ရောက်ရှိလာကြမည့် သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးစွာဖြင့် မိမိတို့နေထိုင်ရာဒေသ ရိုးရာဓလေ့ထုံးစံများကိုဖလှယ်၍ ဒေသန္တရဗဟုသုတများကို အတူတကွ လေ့လာအပန်းဖြေကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူပြင်းသည့်ရာသီဥတု အချိန်အခါတွင် ကျန်းမာရေးကို အထူးဂရုစိုက်ကြစေလိုပြီး သက်ဆိုင်ရာလူရည်ချွန်စခန်းမှ ချမှတ်ထားသော စည်းကမ်းအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ လူရည်ချွန်အပန်းဖြေစခန်းမှ တွေ့ကြုံရရှိသော ဗဟုသုတများကိုအခြေခံ၍ နိုင်ငံတော်မှ အားထားရသော လူငယ်များဖြစ်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီလှိုင်က လူရည်ချွန်လုပ်ငန်းစဉ်၊ အပန်းဖြေခရီးစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ/မများအတွက် ငွေကျပ် ၃၀ သိန်းနှင့် ခရီးစရိတ် ၇၅၅၀၀၀ စုစုပေါင်းငွေကျပ် ၃၇၅၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ရာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထူးချွန်လူရည်ချွန်ကျောင်သား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ကရင်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူရည်ချွန်များကို ခရိုင်နှစ်ခုဖြင့် ရွေးချယ်ခဲ့ပြီး အဋ္ဌမတန်း Grade-9 တွင် ကျောင်းသား၊ ကျောင်းသူလေးဦး၊ ကြီးကြပ်ဆရာတစ်ဦးဖြင့် ပုဂံအပန်းဖြေစခန်း၊ ဒသမတန်း Grade-10 တွင် ကျောင်းသား၊ ကျောင်းသူ လေးဦး ကြီးကြပ်ဆရာမတစ်ဦးဖြင့် တောင်ကြီးအပန်းဖြေစခန်း၊ ဧကဒသမတန်း  Grade-11 တွင် ကျောင်းသား၊ ကျောင်းသူ လေးဦး၊ ကြီးကြပ်ဆရာမတစ်ဦးဖြင့် ငွေဆောင်အပန်းဖြေစခန်းများသို့ နေပြည်တော်စုရပ်မှတစ်ဆင့် အသီးသီးပို့ဆောင်ပြီး ဒေသန္တရဗဟုသုတ လေ့လာစရာများကို လေ့လာမှတ်သား အပန်းဖြေကြရမည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)