ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုမှုအား ကြည့်ရှု့အားပေး

ဘားအံ ၆ မတ်


ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။


ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာဖြေဆိုနေမှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စာမေးပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး  ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန် အတွက် စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန် ဆွေးနွေး မှာကြားခဲ့သည်။


ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄၆ ခု (စာဖြေဌာနအနေဖြင့် ၄၈ ခု) တွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၇၃၀ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြန်မာစာဘာသာဖြေဆိုသည့်နေ့တွင် အူအတက်ရောင်၍ ဘားအံဆေးရုံတွင်ဖြေဆိုသူ တစ်ဦး၊ အကျဉ်းဦးစီးဌာနတွင် ဖြေဆိုသူ ၁၅ ဦး၊ မြန်မာရွှေ့ပြောင်းကျောင်းများမှ ဖြေဆိုသူ ၁၄၀ ဦးတို့ အပါအဝင် ကျောင်းတွင်းဖြေနှင့်ပြင်ပဖြေ စုစုပေါင်း ၁၉၂၈၇ ဦး ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ဝ၄  ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

1