ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

ဘားအံ စက်တင်ဘာ ၈

 

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော တော်သလင်းလ လှေသဘင်ပွဲတော်ကို ပြန်လည်ဖော်ဆောင်သော အားဖြင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ကန်သာယာရေပြင်၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ယခုပြိုင်ပွဲမှ ကရင်ပြည်နယ် ကိုယ်စားပြုပေးနိုင်မည့် လှေလှော် အားကစားသမားများကို ရွေးချယ်၍ ကရင်ပြည်နယ် ရိုးရာလှေလှော်အသင်းအနေဖြင့် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင် အသင်းများအနေဖြင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မိမိတို့ကိုယ်စားပြုအသင်းများ အနိုင်ရရှိအောင် အားကြိုးမာန်တက် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်” တိုက်တွန်း ပြောကြားပြီး ၂၀၂၂ ခုနှစ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များသည် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲအား စတင်ကျင်းပရာ ဝါပိုးလှေဖြင့် သရုပ်ပြလှော်ခတ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အမျိုးသား အမျိုးသမီး ငါးတက်လှော်ပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲ ယှဉ်ပြိုင်လှော်ခတ်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

လှေလှော်ပြိုင်ပွဲသို့ အမျိုးသားအသင်း ၂၇ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း လှေလှော် အားကစားသမား ၂၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် ငါးတက်လှော်ပြိုင်ပွဲ ဟူ၍ ရှုံးထွက်စနစ်ဖြင့် ပြိုင်ပွဲအမျိုးအစား သုံးမျိုးခွဲ ကျင်းပသွားမည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)