ဘားအံ ဇူလိုင် ၂၀
ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်နှင့် သိပ္ပံများမှ အမျိုးသားဘော်လီဘောအသင်း ခုနစ်သင်း၊ အမျိုးသမီး ဘော်လီဘောအသင်း ငါးသင်း၊ အားကစားသမားပေါင်း ၁၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလားတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များနှင့်အတူ အဖွင့်ပွဲစဉ်အဖြစ် နည်းပညာတက္ကသိုလ် အမျိုးသားဘော်လီဘောအသင်းနှင့် ကွန်ပျူတာတက္ကသိုလ် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲအပြီးတွင် နည်းပညာတက္ကသိုလ် အမျိုးသားဘော်လီဘောအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


