ကသာ၊ အောင်လံ၊ အောင်မြေသာစံ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ၂၂ ဖေဖော်ဝါရီ                 


မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီခွဲက ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာ၊ မီးရထားသံလမ်းကူးအနီးတွင် မင်းသူနှင့် ဝါဆိုတို့ အတူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂၀ဝ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၇၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊  ယင်းနေ့မွန်းလွဲ ၂ နာရီခွဲက  မူးယစ်တပ်ဖွဲ့စု (၁၅) မကွေးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ တိုးချဲ့(၆)နေ မမေလွင်အောင်၏ နေအိမ်ကို ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေး ၂,၁၈၆ ပြား၊ ငွေကျပ် ၄၇,ဝ၀ဝနှင့် လက်ကိုင် ဖုန်းတစ်လုံးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ထို့အတူယင်းနေ့နံနက် ၁၁ နာရီက  မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ (အရှေ့) ရပ်ကွက်၊  ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၂၃ လမ်းထောင့်၌ လှမျိုးအောင် (ခ) လူပျိုကြီး အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၁၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


MDN

 

123