ကသာမြို့နယ် ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကညင်သစ် ၄၇၀ လုံးဖမ်းမိ

ကသာ  ၁၆ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်းမှ ဇန်နဝါရီ ၉ ရက်က ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ကညင်သစ် အလုံး ၄၇၀ (၅၄၀ ဒသမ ၆၉၈)တန်ကို ယနေ့တွင် ကုန်းပေါ်သို့ သယ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

253

 

အဆိုပါ ကညင်သစ်များကို ကသာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွဏ်းနှင့် ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ သက်သေများနှင့်အတူ ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရေး ဆောင်ရွက်စဉ် ကသာမြို့နယ် ညောင်ခြေထောက် ကျေးရွာအနီးနှင့် ရေဘုတ်ကျေးရွာအနီးတွင် ဆိုက်ကပ်ထားသော သစ်ဖောင်များအား မသင်္ကာ၍ သွားရောက်စစ်ဆေးရာမှ တရားမဝင် ကညင်သစ် အလုံး (၄၇၀) ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ကညင်သစ်များ ဖောင်ဖွဲ့သယ်ဆောင်လာသူ ရဲလင်းအောင်နှင့် နေလင်းအောင် စစ်ကိုင်းမြို့နယ် ကင်းကျေးရွာနေသူတို့ နှစ်ဦးအား သစ်တောဥပဒေအရ အရေးယူဆောင်ရွက်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဦးဇော်ဝင်း (ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာ) နေသူအားဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်းထံမှ သိရသည်။

 

လူအောင်(ကသာ)