ကသာမြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကသာ ၁၁ ဧပြီ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ပင်းမလွတ်ကျေးရွာ သံလမ်းကူးအနီးတွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ ရဲအုပ်ကျော်မင်းထွန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ  ကသာမြို့နယ် ပင်းမလွတ်ကျေးရွာ သံလမ်းကူးအနီး၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်မှ ကျော်ဇင်ဦး မောင်းနင်ပြီး နောက်ထိုင်ခုံ၌ ကောင်းဆက်ပိုင် စီးနင်းလိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ  ဆိုင်ကယ်ဒူးကာနှစ်ဖက်အတွင်းမှ ပလတ်စတစ်အိတ်အကြည်ဖြင့်ထုပ်လျက် ဘိန်းဖြူ မှုန့်အလေးချိန် ၁၀ ဂရမ်ခန့်စီပါ ၆ ထုပ် စုစုပေါင်းအလေးချိန်  ၆၀ ဂရမ် ကာလတန်ဖိုးငွေကျပ်သိန်း ၆၀ တန်ဖိုးကို ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ  ကျော်ဇင်ဦး (၂၉) နှစ်   ဝဲကြီးကျေးရွာ ကမ်းနီအုပ်စု ထီးချိူင့်မြို့နယ်နှင့် ကောင်းဆက်ပိုင် ၂၈ နှစ် ဝဲကြီးကျေးရွာ ကမ်းနီအုပ်စု ထီချိုင့် မြို့နယ်တို့အား ကသာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)

 

FB_IMG_1