ကုက္ကိုပင်စည်တွင် ထုဆစ်နေသည့် ဗုဒ္ဓရုပ်ပွားတော်များ ၉၀ ရာခိုင်နှုန်းပြီးစီး

ပဲခူး   ဇန်နဝါရီ   ၂၈

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာ၏ အနောက်ဘက် သုမနမဏ္ဍနကုန်းတော် ရွှေလရောင်စေတီတော်မြတ်၏ ပရိဝုဏ်အတွင်း ကုက္ကိုပင်ကြီး၏ ပင်စည်ပတ်လည်တွင် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ထုဆစ်နေမှုမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဆရာတော် ဦးသုမန၏ မိန့်ကြားချက်အရ သိရသည်။

 

ဗုဓ္ဓရုပ်ပွားတော်များ ထုဆစ်လျက်ရှိသည့် ကုက္ကိုပင်ကြီးမှာ သက်တမ်း နှစ် ၁၅၀ ခန့် ရှိပြီး ပင်စည်မှာ ၃၇ ပေ ရှိသည်။ ထုဆစ်လျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်များမှာ မုဒြာပုံစံမျိုးစုံဖြစ်ပြီး ဉာဏ်တော် ၇ ပေရှိ ရပ်တော်မှုပုံတော် ၇ ဆူနှင့် ထိုင်တော်မှုပုံတော် တစ်ဆူဖြစ်ကြောင်း သိရပြီး လွန်ခဲ့သည် လေးနှစ်ခန့်မှ စတင်ထုဆစ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ဗုဒ္ဓရုပ်ပွားတော်များ ထုဆစ်နေသည့် ကုက္ကိုပင်စည်ကြီးအား အမြင့် ၁၈ ပေ၊ အကျယ် ၃၇ ပေရှိ ဂန္ဓကုဋိတိုက်အတွင်း ထားရှိပူဇော်မည်ဖြစ်ပြီး ဂန္ဓကုဋိတိုက်ပေါ်တွင် ဉာဏ်တော် ၁၈ တောင်ရှိသည့် စူဠာမုဏိစေတီတော် တည်ထားလျက်ရှိသည်။

 

စူဠာမဏိစေတီတော်အား လာမည့် တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူ ပူဇော်မည်ဖြစ်ကာ ထုဆစ်လျက်ရှိသည့် ရွှေကုက္ကို ဗုဒ္ဓရုပ်ပွားတော်မြတ်များအား လာရောက်ကြည်ညို ဖူးမြော်နိုင်ကြောင်း သိရသည်။

 

မောင်ယဉ်ဦး