မင်းခန့်
လေးစားအပ်ပါသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ခင်ဗျား
အဆွေတော်ထံသို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုမှ သာမန်ပြည်သူ တစ်ဦးအနေနဲ့ ဒီအိတ်ဖွင့် ပေးစာကို ရေးသားပေးပို့လိုက်ပါတယ်။ သာမန်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံအပေါ် တရားမျှတမှု မရှိစွာ ဖိနှိပ်ခံနေရတာကို မခံချင်လို့ ဒီစာကိုရေးရခြင်းဖြစ်လို့ စကားလုံး အသုံးအနှုန်းတွေမှာ သံတမန်မဆန်ဘဲ ပုဂ္ဂိုလ်ရေး ခံစားချက်များပါနိုင်ကြောင်း ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။
အဆွေတော်ကို တင်ပြလိုတဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ နိုင်ငံအတွက် အဆွေတော် ခန့်အပ်ထား တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စဂျူလီဘစ်ရှော့ပ် (Ms. Julie Bishop)ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မျှတမှုမရှိဘဲ တစ်ဖက်သတ် ဆန်ဆန် အဆိုးမြင်(Narrative) ပြောကြားချက်များကို တုံ့ပြန်တင်ပြသွားမှာ ဖြစ်ပါတယ်။
မစ္စဂျူလီဘစ်ရှော့ပ်ဟာ အဆွေတော်ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန် စယူချိန်ကစပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံအစိုးရအဆက်ဆက်နဲ့ မြန်မာပြည်သူ လူထုအပေါ် သဘောထားမမှန်ဘဲ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိစေရေးအတွက် အစိုးရဆန့်ကျင်ရေး အုပ်စုတွေရဲ့ လှုံ့ဆော်မှုတွေကိုပဲ တစိုက်မတ်မတ် ပြောဆိုနေတာကို ကြားသိနေရပါတယ်။ အထူးသဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက် နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးမှာ မစ္စဂျူလီဘစ် ရှော့ပ်ရဲ့ ပြောကြားချက်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု ပကတိအရှိတရားနဲ့ ကင်းကွာပြီး အနုတ်သဘောဆောင်တဲ့ ပုံရိပ်တွေကိုသာ အထူးပြုပြောကြားသွားတာ စိတ်မကောင်းစရာ ကြားသိရပါတယ်။ သူပြောကြားတဲ့ အကြောင်းအရာ တွေဟာ မှန်ကန်မှုမရှိလို့ ပြည်သူအများစုက သူ့ရဲ့လုပ်ဆောင်ချက်တွေကို အထင်အမြင်သေးလျက်ရှိ ပါတယ်။
အမှန်စင်စစ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရာထူးဟာ သံတမန်ရေးဆိုင်ရာ တာဝန်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ၊ လုံခြုံရေးဆိုင်ရာ ပဋိပက္ခတွေနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သက်ဆိုင်ရာ Stakeholders တွေအကြား ဘက်မလိုက်မှု၊ ကြားနေမှုနဲ့ သံတမန်ဆန်ဆန် စေ့စပ်ညှိနှိုင်းအဖြေရှာ ပေါင်းစပ်ပေးရမယ်လို့ နားလည်ယုံကြည်ပါတယ်။
လက်ရှိမြန်မာအစိုးရအနေနဲ့လည်း မစ္စဂျူလီဘစ်ရှော့ပ်ရဲ့ လုပ်ငန်းတာဝန်အရ အပြုသဘောဆောင်ပြီး ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို အမြဲတမ်းလက်ကမ်းကြိုဆိုပြီး ပူးပေါင်း ဆောင်ရွက်နေတာ ကျွန်တော်တို့လို သာမန်ပြည်သူတွေ မြင်တွေ့ ကြားသိနေရပါတယ်။
မစ္စဂျူလီဘစ်ရှော့ပ် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်တိုင်းမှာ အစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသလိုတဲ့အတွက် စိတ်အားတက်ကြွစွာနဲ့ အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးခဲ့သလို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် သုံးကြိမ်တိတိ တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ရင်းနှီးပွင့်လင်းစွာ မြန်မာနိုင်ငံရဲ့ ဘက်စုံဖြစ်ပေါ် တိုးတက်မှုများကို အထောက်အထား အချက်အလက်တွေနဲ့ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
နိုင်ငံတော်အကြီးအကဲနဲ့ မစ္စဂျူလီဘစ်ရှော့ပ်တို့ တွေ့ဆုံတဲ့သတင်းတွေ မြင်တွေ့ကြားသိရတိုင်း ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကျွန်တော့်နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ကုလသမဂ္ဂရဲ့ ကူညီဆောင်ရွက်ပေးနေမှုများကို ကျေးဇူးတင်ရှိပြီး စိတ်အားတက်ကြွနေ ကြပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကနေ ပြန်သွားပြီးတိုင်း မစ္စဂျူလီဘစ်ရှော့ပ်ရဲ့ ပြောကြားချက်တွေ၊ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘော မဆောင်ဘဲ အမြဲတမ်း အဆိုးမြင်သဘောနဲ့ ပိုမိုရှုပ်ထွေးပြီး ပြဿနာပိုကြီးထွားရန် လှုံ့ဆော်မှုတွေသာ ဖြစ်နေတာကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့ကြားသိနေရပါတယ်။
အဆွေတော် အတွင်းရေးမှူးချုပ် ကြီးအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာတာဝန်တွေ ပေးထားသလဲ တိတိကျကျမသိရှိပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေ၊ ပြောဆိုချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ လုံးဝကွဲလွဲနေပြီး မြန်မာနိုင်ငံအတွက် ကောင်းကျိုးမပေးတဲ့ သံတမန်တစ်ဦး (Unpleasant Diplomat)အဖြစ်သာ မြင်တွေ့ခံစားနေရ ပါတယ်။
ဒီအချက်ကို ပိုမိုထင်ရှားစေတာ ကတော့ ဇွန်လ ၁၉ ရက်နေ့က အလွတ်သဘော အစည်းအဝေးမှာ သူ့ရဲ့တစ်ဖက်သတ် အဆိုးမြင်သဘောထားနဲ့ ခိုင်မာမှုမရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အထူးကိုယ်စားလှယ်အဖြစ် သံတမန်မပီသစွာ တည်ဆဲအစိုးရကို ဝေဖန် ပုတ်ခတ်စွပ်စွဲပြောဆိုမှုတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိစဉ် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေရဲ့ကျိုးကြောင်း ဆီလျော်စွာ ရှင်းလင်းပြောကြားချက်တွေကို လုံးဝလျစ်လျူရှုခဲ့ပြီး လက်ရှိတည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့ နိုင်ငံတချို့နဲ့ လူပုဂ္ဂိုလ်တွေရဲ့ အခြေအမြစ်မရှိ လူမှုကွန်ရက်ပေါ်မှ သတင်းအမှားတွေကို ကောက်ချက် ဆွဲပြီး လက်ရှိရွေးကောက်ခံအစိုးရကို နိုင်ငံရေးအရ ဖိအားပေးလိုတဲ့သဘောနဲ့ တစ်ဖက်သတ် ပြောဆိုချက်တွေသာ ဖြစ်ပါတယ်။
သူ့ရဲ့သံတမန်မဆန်တဲ့ ပြောကြားချက်တွေဟာ မြန်မာအစိုးရက ကုလသမဂ္ဂကို ပံ့ပိုးပူးပေါင်းဆောင်ရွက် နေမှုတွေအပေါ် မျက်ကွယ်ပြုပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းထက် ပဋိပက္ခအခြေ အနေတွေ ပိုမိုရှုပ်ထွေးနိုင်သလို မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို များစွာထိခိုက်နေစေပါတယ်။ သူ့ရဲ့တစ်ဖက်သတ် ပြောဆိုချက်တွေကို ကြားသိရတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း စိတ်နှလုံးညှိုးနွမ်းပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အယုံအကြည်ကင်းမဲ့စေပါတယ်။
သူ့ရဲ့ပြောကြားချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြတ်သားစွာ ငြင်းပယ်လိုက်ပြီး ပယ်ချထားကြောင်း သိရှိရပါတယ်။ ဒီလိုငြင်းပယ်ရတဲ့ အကြောင်းရင်းကို ထပ်မံရှင်းပြရရင် ခွဲခြားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း စွပ်စွဲချက်တွေဟာ မြေပြင်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို တိုက်ပွဲဝင်စည်းမျဉ်း များ (Rules of Engagement – ROE) နဲ့အညီတိကျစွာ လိုက်နာဆောင်ရွက်နေမှု အပေါ် အဟန့်အတားဖြစ်စေပါတယ်။ People Defence Forces (PDF) အမည်ခံ အကြမ်းဖက်သမားတွေနဲ့ အချို့သော EAO အဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေမှုတွေကို မျက်ကွယ်ပြုပြီး အကြမ်းဖက်သမား တွေရဲ့ ဝါဒဖြန့်ချိမှုတွေကို ထပ်လောင်းဝါဒ ဖြန့်ပေးနေတဲ့ သဘောသက်ရောက်နေပါတယ်။
ပဋိပက္ခနှင့် ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အပါအဝင် အမျိုးသမီးအဖွဲ့များ၏ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကာကွယ်တားဆီးရေးအတွက် နိုင်ငံတကာစံနှုန်းတွေကိုလိုက်နာဖို့ ကတိကဝတ်ပြုထားပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအားလုံးကို အစဉ်အလာအရ လက်မခံဘဲဆန့်ကျင်ပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ လုံးဝခွင့်မလွှတ်တဲ့မူဝါဒ (Zero-tolerance policy)ကို ကျင့်သုံးပြီး ကျူးလွန်သူ အားလုံးကို တည်ဆဲဥပဒေအရ အရေးယူအပြစ်ပေးလျက်ရှိနေပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားဖြစ်တဲ့ ၂၄ နာရီ အကူအညီပေးရေးလိုင်း (Helpline – 1566) ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ စတင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇- ၂၀၂၆ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မသက်ဆိုင်တဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၂၃၀၀ ကျော်ကို တိုင်ကြားစုံစမ်းစစ်ဆေးပြီး တရားစွဲဆို အရေးယူ နိုင်ခဲ့ပါတယ်။
နေရပ်စွန့်ခွာသူများနှင့် စားရေရိက္ခာ မလုံလောက်မှုဆိုင်ရာ စွပ်စွဲချက်များဟာ မြေပြင်ပကတိ အရှိတရားနဲ့ များစွာကွဲလွဲ နေပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ နေရပ်စွန့်ခွာသူ (IDP) စာရင်းဟာ ဖောင်းပွ နေပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲနေပါတယ်။ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာမှုတွေဟာ ယာယီသဘောသာဖြစ်ပြီး အခြေအနေပေးတာနဲ့ မိမိတို့အရပ်ဒေသသို့ ပြန်လည် အခြေချလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ စားရေရိက္ခာဖူလုံမှုကို ထိန်းသိမ်းထားနိုင်ပြီး စိုက်ပျိုးရေးကဏ္ဍကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေတဲ့အတွက် စားရေရိက္ခာ မလုံလောက်မှုစွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးဆိုတာ မြန်မာပြည်သူ လူထုတစ်ရပ်လုံး သိရှိနားလည်ကြပါတယ်။
သူ့ရဲ့စွပ်စွဲ ပြောဆိုချက်တွေထဲက အဆိုးရွားဆုံးပြောဆိုချက်ကတော့ မြန်မာနိုင်ငံကို “ဆိုက်ဘာ ရာဇဝတ်မှု၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်” ဆိုပြီး ပြောဆိုခဲ့ ခြင်းဖြစ်ပါတယ်။ မဆင်မခြင် ပရမ်းပတာ စွပ်စွဲပြောဆိုချက်အဖြစ် မြန်မာပြည်သူများက သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်းတွေကို ဘယ်သူတွေက ဦးစီးလုပ်ဆောင် နေသလဲ၊ ဘယ်လိုနေရာတွေမှာအဓိက ဖြစ်ပေါ်နေသလဲ၊ မြန်မာအစိုးရအနေနဲ့ ဘယ်လောက်ထိ အလေးထားပြီး ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက် နှိမ်နင်းနေသလဲဆိုတာ နေ့စဉ်ထုတ်ပြန်နေတဲ့ သတင်းတွေအရ ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဆိုက်ဘာရာဇဝတ်မှုနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှုတွေကိုလည်း မြန်မာနိုင်ငံအတွင်းမှာသာမက ဒေသတွင်း မရောက်ရှိစေရေးတာဝန်သိမှုနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကာ မစ္စဂျူလီဘစ်ရှော့ပ် အလွယ်တကူ မြင်တွေ့ကြားသိနိုင်ပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပုံကြီးချဲ့ပြီး နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှု တွေကို မြန်မာနိုင်ငံမှာ ဗဟိုချက်ဆိုပြီး စွပ်စွဲပြောဆိုမှုကို နားမလည်နိုင်အောင် ဖြစ်နေရပါတယ်။ ဒီပြဿနာကို ဘယ်လို ပူးပေါင်းဖြေရှင်းသင့်ကြောင်း အဖြေမထုတ်ပေးဘဲ အွန်လိုင်းလိမ်လည်မှု လုပ်ဆောင်နေတဲ့ ရာဇဝတ်သား တွေရဲ့ ကြားခံနယ်မြေ (Proxy)အဖြစ် အသုံးချခံနေရတဲ့ မြန်မာနိုင်ငံကို အပြစ်ပုံချနေတာကတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့မရိုးသားမှုလို့ ဆိုရပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့တဲ့အချက် ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းအသိပေးလိုတဲ့ သတင်းစကားကတော့ ဒေါ်အောင် ဆန်းစုကြည်ဟာ နိုင်ငံရေးသမားဖြစ်ပေမယ့် သူပြစ်ဒဏ်ကျခံနေရခြင်းဟာ နိုင်ငံရေးလုပ်လို့ မဟုတ်ဘူးဆိုတဲ့အချက် ဖြစ်ပါတယ်။ ငြင်းလို့မရတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့မှု၊ လက်ပူးလက်ကြပ်ဖော်ထုတ်ရရှိတဲ့ အဂတိလိုက်စားမှုနဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ပြီး မှားယွင်းတဲ့ စီမံခန့်ခွဲမှုများ ကြောင့် တည်ဆဲဥပဒေနဲ့အညီ တရားရင်ဆိုင်ခဲ့ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ပြစ်ဒဏ်ကျခံနေရခြင်းသာ ဖြစ်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ ဥပဒေရဲ့ စီရင်ချက်အတိုင်း ပြစ်ဒဏ်ကျခံနေရတဲ့သူ တရားခံတစ်ဦးပဲဖြစ်ပါတယ်။ အသက်အရွယ်ကို စာနာထောက်ထားပြီး နိုင်ငံတော်ရဲ့ စေတနာ၊ မေတ္တာအရ အတတ်နိုင်ဆုံး လိုက်လျောပြီး သူကျခံနေရတဲ့ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ်ပြောင်းလဲပေးပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် မစ္စဂျူလီဘစ်ရှော့ပ်ရဲ့ စွပ်စွဲပြောကြားချက်တွေဟာ အချက်အလက်တွေအရ လွဲမှားခြင်း၊ ပကတိ မြေပြင်အခြေအနေအမှန်တွေနဲ့ ကင်းကွာခြင်း၊ အဆိုးမြင်သဘောနဲ့ အနုတ်သဘောဆောင် ပြောကြားခြင်းတွေသာဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ကြီး သိရှိနိုင်ဖို့ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။
သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်စရိုက်နဲ့ ပတ်သက်ပြီးကြားသိရတဲ့ သတင်းတွေအရ မစ္စဂျူလီ ဘစ်ရှော့ပ်ဟာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အနိုင်ကျင့်စော်ကားခဲ့တဲ့ သမိုင်းကြောင်း ရှိကြောင်းနဲ့ ဂျူလီဘစ်ရှော့ပ် ဩစတြေးလျ အမျိုးသားတက္ကသိုလ် (Australia National University-ANU) မှာ တာဝန် ထမ်းဆောင်စဉ်က သူနဲ့ သူ့ရဲ့အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အနိုင်ကျင့်မှု (Bullying) ဒဏ်ကြောင့် ဒေါက်တာ လစ်ဇ်အယ်လန် (Dr. Liz Allen)က ရင်သွေးလေး ဆုံးရှုံးခဲ့ရတဲ့အပြင် စိတ်ဒဏ်ရာတွေရရှိပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ဆိုးရွားစွာခံစားခဲ့ရကြောင်း၊ အဲဒီလို ပုဂ္ဂိုလ်တစ်ဦးကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းမှာ ကုလသမဂ္ဂရဲ့ မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို ကြားသိရပါတယ်။
လူမှုရေးဆိုင်ရာ အားနည်းချက်ရှိနေတဲ့ လူတစ်ယောက်ကို မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားခြင်းဟာ မြန်မာနိုင်ငံအတွက် အဆိုးဖြစ်စေနိုင်သလား၊ အကောင်းဘက်ကို ဦးတည်နိုင် သလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ကိုယ်တိုင်ကအနိုင်ကျင့်တတ်တဲ့ စရိုက်ရှိသူတစ်ဦးအနေနဲ့ မြန်မာ့ပဋိပက္ခတွေကို ဖြေရှင်းရာမှာ စိတ်ရင်းမှန်နဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ သံသယမှာ ခိုင်လုံတဲ့အချက် ဖြစ်ပါတယ်။
ဂျူလီဘစ်ရှော့ပ် လုပ်ဆောင်ချက်တွေဟာ မြန်မာ့အရေးကို အမှန်တကယ် ဖြေရှင်းပေးဖို့ထက် “စီးပွားရေးဆန်ဆန် ကစားကွက်များ” (Business-like tactics)အဖြစ် အသုံးချခံရမှာကို စိုးရိမ် ရပါတယ်။ သူကပဋိပက္ခကို ပြေငြိမ်းစေမယ့်အစား “သံတမန်ရေးရာ စကားလုံး အလှများ”(Diplomatic doublespeak) ကို အသုံးချကာ အမှန်တရားကို ဖုံးကွယ် ပြီး ပဋိပက္ခကို ပိုမိုဆိုးရွားလာစေမယ့် “မီးထိုးပေးခြင်း”မျိုးကို မလုပ်ဆောင်မိစေဖို့ အသိပေးလိုပါတယ်။ အထူးသဖြင့် လူသားချင်း စာနာမှုထက် နိုင်ငံတကာက ရရှိလာမယ့် စီးပွားရေးအကျိုးအမြတ်နဲ့ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုကိုသာ ဦးစားပေးပြီး မြန်မာပြည်သူတို့ရဲ့ တရားမျှတမှုကို မျက်ကွယ်မပြုမိစေရေး သတိပြုဖို့လည်း တိုက်တွန်းလိုပါတယ်။
ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်း ကြီးတစ်ခုက ဒီလိုကိုယ်ကျင့်တရားဆိုင်ရာ စွပ်စွဲချက်အထောက် အထားတွေ ရှိနေသူကို ဘာကြောင့် ရွေးချယ်ခဲ့ပါသလဲ။ ကုလသမဂ္ဂရဲ့ စိစစ်မှုအားနည်းခြင်းလား၊ ဒါမှမဟုတ် သိလျက်နဲ့ “မျက်ကွယ်ပြုခြင်း” (Turning a blind eye) လားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ သူ့ကို တာဝန်ပေးအပ်မှုဟာ အင်အားကြီး နိုင်ငံအချို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေဖို့နဲ့ ဖိအားပေးကျပ်တည်းစေဖို့ ရည်ရွယ်တဲ့ နိုင်ငံရေး ကစားကွက်တစ်ခုဖြစ်နေရင် ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာဟာသမိုင်းမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွား မှာကိုလည်း သတိပြုစေလိုပါတယ်။
ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တစ်ဦးမှာရှိသင့်တဲ့ အဓိကအရည်အချင်းဖြစ်တဲ့ သံတမန်ရေးရာ ကျွမ်းကျင်မှုအပြင် “ကိုယ်ကျင့်တရားနဲ့ စာနာနားလည်မှု”သာ ဖြစ်သင့်ပါတယ်။
ကိုယ်တိုင်က အနိုင်ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတစ်ဦးဟာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ဘယ်လိုရှာဖွေပေးနိုင်မှာလဲဆိုတဲ့ မေးခွန်းကို မြန်မာပြည်သူတွေရဲ့ တရားမျှတမှုအတွက် မေးမြန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂနဲ့ အာဆီယံတို့လိုဒေသတွင်း မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆက်လက်ကတိပြုထားမှုကို ပြည်သူတစ်ဦးအနေနဲ့ ထောက်ခံကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက မြန်မာ့ဦးဆောင်မှု၊ မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်တွေ ကတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မဆုတ်မနစ် ဆက်လက် လျှောက်လှမ်းသွားမှာဖြစ်ကြောင်း အဆွေတော်ကို အခိုင်အမာအသိပေး ပြောကြားလိုပါတယ်။ အခုအိတ်ဖွင့်ပေးစာဟာ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို ကိုယ်စားပြုပါကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။ ။


