ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ် ကိုဗစ်-၁၉ ကူးစက်ခံထားရ

ဂျီနီဗာ ဒီဇင်ဘာ ၁၇

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ်သည် ဒီဇင်ဘာ ၁၅ ရက်က ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် သီးသန့်ခွဲခြားနေထိုင်ခြင်းအားဖြင့် ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း အတိအကျ လိုက်နာနေထိုင်မည် ဖြစ်သည်။

 

အလုပ်အတွက် နေ့စဉ် ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကုလသမဂ္ဂ ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် အနီးကပ်ဆက်သွယ် လျက်ရှိပြီး ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သီးခြားကန့်သတ်စောင့်ကြည့်မှု ပြုလုပ်လျက်ရှိကြောင်း ကုလသမဂ္ဂ သတင်းထောက်များကို ဒူဂျာရစ် က အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

 

ဒူဂျာရစ်က သူသည် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးထားရုံတင်မက အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးပါ ထိုးထားကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သိပ်မပြင်းထန်သောကြောင့် အိမ်မှအလုပ်လုပ်ရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။ ။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအပေါ် သတိမပြတ် ထားနေသည့်အတွက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ရုံးအဖွဲ့သည် ယခုသီတင်း ပတ်ကုန်အထိ ဗာကျူရယ်နည်း ဖြင့် အလုပ်လုပ်သွားမည် ဖြစ်သည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်း မရှိသေးကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

 

ဆင်ဟွာ